Monday, September 17, 2007

‘‘ Interview with ဇင်ဇင်ဇော်မြင့် ’’


မေလေး အခုလက်ရှိရောက်နေတဲ့ အနေအထားကို မေလေးကျေနပ်ပြီလား။

Ans:

အခုလက်ရှိအနေအထားကို အရမ်းကြီးတော့ မကျေနပ်သေးပါဘူး။ ဒါပေမယ့် ကိုယ့်ကိုတော့ ဇင်ဇင်ဇော်မြင့်ဆိုတာ လူတိုင်းသိတယ်။ ပရိသတ်တွေကလည်း အားပေးလာကြတယ်။ အတွေ့အကြုံတွေလည်း များလာတယ်ပေါ့။ အဲဒီအပေါ်မှမေလေး ကျေနပ်ပါတယ်။

Q:

ဒါဆို အရင်က ဇင်ဇင်ဇော်မြင့်နဲ့ အခုဇင်ဇင်ဇော်မြင့်ကရော ဘာတွေ ကွားခြားသွားလဲ။ ဘာတွေ ပြောင်းလဲသွားလဲ။

Ans:

ညီမကတော့ အရင်ကအတိုင်းပါပဲ။ အခုဇင်ဇင်ဇော်မြင့်နဲ့ အရင်တုန်းက ဇင်ဇင်ဇော်မြင့်နဲ့က အတူတူပဲ။ နောက်ပြီးတော့ အတွေ့အကြုံကတော့ အရင်တုန်းက မေလေးမသိတာတွေ သိလာတယ်ပေါ့။ အခုအချိန်မှာပေါ့နော်။ အဲဒီလောက်ပဲ ကွာသွားပါတယ်။

Q:

မေလေးလျှောက်ခဲ့တဲ့ အနုပညာလမ်းရဲ့ ပထမခြေလှမ်းလေးတွေကို ပြောပါအုံး။

Ans:

ဟုတ်ကဲ့ပါ။ ညီမက အရင်ဦးဆုံး ရုပ်ရှင်ကားကြီးပေါ့နော်။ ပြီးတော့ ညီမက ဗီဒီယိုကားရိုက်တာ အရမ်းနောက်ကျတယ်လေ။ ညီမရဲ့ ရှေ့က ညီမနဲ့ တန်းတူသူငယ်ချင်းတွေ ရိုက်ပြီးတော့မှ ညီမကတော်တော်နဲ့ မရိုက်ဖြစ်ပဲ။ နောက်ကျမှ ရိုက်ဖြစ်တာ။ အဲဒီကနေ စပြီး ညီမကို ပရိသတ်က ဘယ်လိုသိလာလဲ ဆိုတော့ အရင်ဦးဆုံး ညီမစရိုက်ဖြစ်ခဲ့တဲ့ အချိန် ဓါတ်ပုံတွေပါတဲ့အချိန်မှာ ညီမက မျက်ကပ်မှန်အပြာလေးကို တပ်ထားတယ်။ အဲဒါကိုလည်း ပိုပြီး သတိထားမိလာတယ်။ နောက်ပိုင်းမဂ္ဂဇင်းတွေထဲကနေ ဒါကဘယ်သူလဲ မသိဘူးဆိုပြီးတော့ အကုန်လုံးက စိတ်ဝင်စားလာကြတယ်။ အဲဒီအချိန်မှာ ညီမက ကြော်ငြာရိုက်လိုက်တယ်။ TV ကြော်ငြာပေါ့။ ပြီးတော့ ရုပ်ရှင်ကားကြီးရိုက်တယ်။ အဲဒီနောက်ပိုင်း TV ကြော်ငြာ၊ VCD အဲဒါတွေပဲ ရိုက်ဖြစ်သွားတယ်။ ညီမကို ပိုပြီး သိသွားတာက “အထည်ကြီးပျက်” သီချင်းလေ။ ကိုဖြိုးကြီးရဲ့ သီချင်းဒီပလက်တီနမ်ဆွဲကြိုးက ဆိုတဲ့ သီချင်းပါ။ အဲဒီသီချင်းက အရမ်းပေါက်သွားတယ်။ နောက်ကြော်ငြာဆိုရင်လည်း နန်းဝင်းပတ္တမြား ပထမဆုံးစရိုက်တာလေ။ အဲဒါက ဒါရိုက်တာဦးပီတာပေါ့။ နောက်ပြီးတော့ Max အချိုရည်မှာလည်း ညီမကရိုက်သေးတာကိုး။ အဲဒါက ဦးစင်ရော်မောင်မောင်ရိုက်တာလေ။ အဲလိုမျိုး ကြော်ငြာလေးတွေကလည်း ပရိသတ်တွေ မှတ်မိစေနိုင်တယ်။ မဂ္ဂဇင်းတွေထဲကလည်း ပရိသတ်တွေကသိတယ်။ သီချင်းတွေနားထောင်တဲ့အခါကြတော့လည်း ညီမကကောင်းတဲ့သီချင်းလေးတွေမှာ သရုပ်ဆောင်ရတော့လေ ပရိသတ်ကပိုမှတ် မိသွားတယ်။ နောက်ပိုင်းမှ ဗီဒီယိုကားတွေရိုက်ဖြစ်တာပါ။

Q:

ညီမရဲ့ ရိုက်ကွင်းတွေထဲက အမှတ်တရအတွေ့အကြုံလေးတစ်ခုလောက် ပရိသတ်တွေကို ပြောပြပေးပါဦး။

Ans:

အမှတ်တရ အတွေ့အကြုံတွေကတော့ အများကြီးပါပဲ။ အဲဒီထဲက တစ်ခုကတော့ ညီမ ရိုက်ကွင်းတွေ သွားနေတုန်း မှတ်မှတ်ရရပေါ့နော်။ မင်းသားမင်းသမီးနဲ့ မင်းသမီးပြေးရမယ့်အခန်းမှာ ပန်းခြံထဲမှာ သွားရိုက်တာ။ ပြေးလည်း ပြေးလိုက်ရော ဒေါက်ဖိနပ်က ရွှံထဲနစ်သွားတာ ပြန်ထုတ်လို့မရတော့ဘူး။ ဘယ်လိုမှ ဆွဲထုတ်လို့မရဘူး။ အဲဒီနေရာမှာရပ်နေတာ။ အဲဒါမျိုးတစ်ခါဖြစ်တယ်။ နောက်တစ်ခါကျတော့ မျက်ကပ်မှန် ညီမက တပ်ထားတဲ့အခါကျတော့ မျက်ကပ်မှန်က တစ်ယောက်နဲ့ တစ်ယောက်ကြည့်မယ် ဆိုတဲ့အခါကျတော့ မင်းသားက လန့်သွားတယ်။ ဘာလို့လဲဆိုတော့ မျက်ကပ်မှန်အထဲကို ၀င်သွားပြီး တစ်ဖက်က အဖြူ ၊ တစ်ဖက်က အပြာဖြစ်သွားလို့..အကုန်လုံး လန့်သွားတယ်.. ရှုတင်ကလူတွေကလည်း နောက်နေသလို ဟာသတွေ ဖြစ်သွားတာပေါ့။ အဲဒါမျိုး ထူးထူးဆန်းဆန်းတွေ အများကြီး ဖြစ်ဖူးပါတယ်။ အမှတ်တရတွေကတော့ ညီမရဲ့ ဘ၀မှာအများကြီးပါပဲ။

Q:

မေလေးစတက်လာတော့ မေလေးကို ဒီအနုပညာရှင်တွေထဲကရော လက်တွဲခေါ်ပေးလား။

Ans:

သြော် ခေါ်ဖြစ်ပါတယ်။ တော်တော်များများက ညီမက ကံကောင်းတာ အဲဒါတွေလည်း ပါတယ်လေ။ ကိုယ့်အပေါ်မှာ ကောင်းတဲ့ ကိုယ့်ထက်ဝါရင့်တဲ့ သရုပ်ဆောင်တွေနဲ့လည်း တွေ့ရတယ်။ နောက်ပြီးတော့ ခုနလို ဒါရိုက်တာတွေ ကိုယ့်ရဲ့ဆရာသမားတွေက ဆရာသမားကောင်းတွေနဲ့ တွေ့ခဲ့ရတာပေါ့နော်။ အဲဒါမျိုးကြောင့်လည်း ညီမ ဘာပဲပြောပြော ဇင်ဇင်ဇော်မြင့်ဆိုပြီး တော့ သိခဲ့တာပါ။

Q:

အခုသရုပ်ဆောင်ဖြစ်လာတဲ့ အခါမှာရော ဒီ Celebrity တစ်ယောက် ဖြစ်လာတဲ့ အခါမှာ စိတ်ရှု့ပ်ရတာမျိုးတွေရော ရှိလား။

Ans:

အင်း….စိတ်တွေက ရှုပ်ရတာပေါ့နော်။ စိတ်ကတော့ ဘာပဲပြောပြော ဒီ Celebrity မဟုတ်ပဲနဲ့တောင် ဒီတိုင်းလူတွေတောင် စိတ်ရှုပ်ရတာလေ။ ညီမတို့ အနေနဲ့ကျတော့ ပိုပြီးတော့များတယ်လေ။ ဘယ်လိုများလဲဆိုတော့ ဥပမာဆိုရင် ကားရိုက်တာဒီနေ့ချိန်းထားပေမယ့် ကျန်တဲ့နောက်တစ်ခုကလည်း အဲဒီရက်လိုချင်နေတော့ ညှိပေးရတဲ့အပိုင်းတွေတို့ နောက်ပြီးတော့ နည်းနည်းစိတ်ပူတဲ့အပိုင်းတွေပေါ့နော်။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး နည်းနည်းစိတ်ထဲမှာ ပေါ့နော် ရှုပ်နေတာမျိုးဖြစ်မိပါတယ်။ အဲဒါကတော့ အမြဲတမ်းတွေ့ကြုံနေရတဲ့ အခက်အခဲတစ်ခုပါပဲ။

Q:

ဒီဇင်ဇင်ဇော်မြင့် ဆိုပြီးဖြစ်လာဖို့ ညီမလေးဘက်က ဘယ်လောက်ထိ ကြိုးစားမှုတွေ စိုက်ထုတ်ခဲ့ရလဲ။

Ans:

ညီမအဓိက အချိန်တွေ ပေးဆပ်ခဲ့ရတာ ပေါ့နော်… ညီမရဲ့ ဒီအချိန်တွေအားလုံးကို ဒီအနုပညာ အလုပ်ထဲမှာပဲ အချိန်ကုန်သွားခဲ့တယ် ပေါ့နော်။ ညီမမှာ ဒီအနုပညာလုပ်နေတဲ့ အတွက်ကြောင့်မို့ လူမှုရေးပြ ဿနာတွေလည်း ရှိမယ်။ ဥပမာ သူငယ်ချင်းတွေဆိုလည်း ဘာမှ မသွားနိုင်ဘူးပေါ့နော်။ တခြားကိစ္စတွေဆိုလည်း ညီမ သရုပ်ဆောင်တာလောက် အရေးမကြီးဘူး ပေါ့နော်။ အဲလိုသဘောထားပြီးနေတဲ့ အတွက်ကြောင့်မို့ လို့ ခုနလိုမျိုး သူငယ်ချင်းတွေနဲ့ နည်းနည်းကင်းကွာ သွားတယ်။ နောက် တစ်ဖက်မှာဆိုလည်း စီးပွားရေး ……. စီးပွားရေးမှာဆိုလည်း ညီမ သရုပ်ဆောင်အလုပ်ကို လုပ်နေတဲ့အတွက်ကြောင့်မို့လို့ မလှည့်နိုင်ဘူး။ နောက်တစ်ခါ ပညာအရည်အချင်းကျတော့ ဘွဲ့တော့ရပြီးသွားပြီ။ စီးပွားစီမံနဲ့ ဒါပေမယ့် တခြား Language တတ်ဖို့ကျတော့လည်း ညီမအတွက် အချိန်ကမပေးနိုင်ဘူး။ အဲလိုမျိုးလေးတွေပေါ့ တစ်ခုလိုချင် တစ်ခုတော့ အမြဲစွန့်လွှတ်ရတယ်။

Q:

ညီမလေး ဒီအနုပညာအလုပ်ကိုပဲ အမြဲတမ်းဆက်လုပ်သွားမှာလား။

Ans:

ဟုတ်ကဲ့… ဒီအနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ။ ဒါပေ့မယ် အတိုင်းအတာ တစ်ခုတော့ ရှိတယ်အစ်မ။ ညီမက အသက် ၃၀ကျော် လောက်ဆိုရင်တော့ ထပ်ပြီးတော့ လုပ်ဖြစ်မယ် မထင်တော့ပါဘူး။

Q:

ညီမကညီမလေးအဖေရဲ့ ဓါတ်ပုံပညာကိုရော စိတ်မဝင်စားဘူးလား။

Ans:

ညီမက ဓါတ်ပုံရိုက်တာကိုပဲ စိတ်ဝင်စားတာပါ။ ဓါတ်ပုံကို ကြည့်တော့ ကြည့်တတ်တာပေါ့နော်။ ဓါတ်ပုံတစ်ပုံ ထွက်လာပြီဆိုရင် တော့ အလင်းအမှောင်တွေတော့ ကြည့်တတ်တယ်။ ညီမလေ့လာ တတ်ပါတယ်။ ဒါပေမယ့် ညီမကိုယ်တိုင် ဆိုရင်တော့ ဓါတ်ပုံအရိုက် ခံရတာကိုပဲ ဝါသနာပါပါတယ်။

Q:

ညီမရဲ့ဖေဖေဆီက ပညာတွေ သင်မထားဘူးလား။

Ans:

အချိန်မှမရှိတာ။ ညီမက သရုပ်ဆောင်တာနဲ့ပဲ မနက်ကနေ ညအထိပေါ့နော်…. ခုနပြောသလိုပဲ အဲဒါတွေနဲ့ပဲ အချိန်ကုန်နေတာ ပေါ့နော်။ တစ်နေ့တစ်နေ့ ညီမရဲ့ ပရိသတ်အတွက် ညီမကြိုးစားနေရတာနဲ့ပဲ ညီမအချိန်တွေ ကုန်နေတာပေါ့နော်။

Q:

ညီမလေး ကားရိုက်တဲ့အခါမှာရော ဘယ်လို ကာရိုက်တာမျိုးတွေ ရိုက်ဖြစ်လဲ။

Ans:

ညီမက အခုဆိုရင် နောက်ဆုံးရိုက်ထားတာ မျက်မမြင် ကာရိုက်တာကို ရိုက်ထားတယ်။ မျက်စိမမြင်ပုံစံမျိုးတော့ လုပ်ဖူးတာပေါ့နော်.. သီချင်းထဲမှာတော့ သရုပ်ဆောင်ဖူးတယ်။ ဒါပေမယ့် သီချင်းဆိုတာက ခဏပဲလေ။ ဗီဒီယိုကားကျတော့ မတူတော့ဘူးလေ။ မျက်မမြင်ပုံစံ သရုပ်ဆောင်ရတာ တစ်ကားလုံး ညီမ အဲဒီကားမှာဆိုရင် အခုနောက်ဆုံး ရိုက်ထားတာပေါ့နော်။ ကိုရဲအောင်ရယ် ။ ညီမရယ်၊ မင်းအုပ်စိုးရယ်၊ ရတနာခင်ရယ် ပွင့်နဒီမောင်ရယ်.. ဒါပေမယ့် အဲဒီကားမှာ ညီမရဲ့ကာရိုက်တာ ဘာထူးခြားလဲဆိုတော့ တစ်ကားလုံးကို မျက်စိမမြင်တာ ဇာတ်လမ်းဆုံးတဲ့ထိ မမြင်ဘူး။ နောက်ကြောင်း ပြန်တဲ့အခါကျမှ ညီမဘယ်လိုကြောင့် မျက်လုံးကန်းသွားတယ်ဆိုတာကို ပြတာ… အဲဒီ တစ်ခန်းလေးပဲမြင်တာ.. ကျန်တဲ့အခန်းတွေ အကုန်လုံးက မျက်စိမမြင်ရဘူးဆိုတော့ အဲဒီမှာကျတော့ ညီမအနေနဲ့ ထူးထူးခြားခြား ကာရိုက်တာတစ်ခုလို့ ပြောလို့ရတာပေါ့နော်။ ပြီးတော့ ညီမကမြင်ရဲ့သားနဲ့ မမြင်ချင်ယောင် ဟန်ဆောင်ရတာဆိုတော့ ကြားနေရတယ် ပေါ့နော်။ ပြီးတော့လည်း ယောင်ယောင်ပြီးတော့ မျက်လုံးက ကြည့်မိတာပေါ့နော်။ စိတ်တွေကအစ အကုန်လုံးကို ဖျောက်ထားတယ်။ တကယ်မမြင်ရဘူးဆိုတဲ့စိတ်ပဲ စိတ်ထဲမှာ ထားထားတယ်။ နောက်ပြီးတော့ ဒီသရုပ်ဆောင်တဲ့ အခါကျတော့ မျက်စိမမြင်တဲ့လူရဲ့ အိုက်တင်က ပိုခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိမြင်တဲ့လူကျတော့ မျက်လုံးကို အဓိကထားတယ်။ သူများတွေထက် နှစ်ဆလောက် ပိုပြီးတော့လုပ်ရတယ်။ အဲဒါမှလည်း သရုပ်ဆောင်တာ ပိုပြီးတော့ ပေါ်မယ်လေ။ အဲဒီကားမှာ ညီမက ကိုရဲအောင်ရဲ့ညီမ၊ ဘဝကသနားစရာ ကောင်းတယ်။ အစ်ကိုက အသတ်ခံရတယ်။ ဇာတ်ကားနာမည်က “ကောင်းကင်မှားတဲ့လ” ။

Q:

မေလေး ထူးထူးခြားခြား ကာရိုက်တာတွေထဲက ကိုယ်တိုင်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးရောရှိလား။

Ans:

အင်းရှိတယ်.ခုနလို မျက်မမြင်တဲ့ပုံစံမျိုး နောက်တစ်ခုက အရမ်းဟော့ရှော့ အကကိုလည်း ရူးသွပ်နေတဲ့ လူတစ်ယောက်ပေါ့နော် အဲလိုပုံစံ ဇာတ်လမ်း ဆန်းဆန်းလေးပေါ့နော် သရုပ်ဆောင်ချင်တယ်။

Q:

Fancy ကားတွေရိုက်ဖြစ်တာများလား။ ဘဝဇာတ်ကြောင်းတွေ ရိုက်ဖြစ်တာများလား။

Ans:

ညီမက ဘဝဇာတ်ကြောင်းတွေ ရိုက်ဖြစ်တာများတယ်။ ညီမကို လာပြောရင်တော့ မောင်နှမဇာတ်တွေ မိသားစုဇာတ်တွေပဲ များပါတယ်။ Fancy က နည်းပါတယ်။

Q:

မင်းသမီး တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေက……

Ans:

အဓိက မင်းသမီး တစ်ယောက်က ကိုယ်ကျင့်တရား ကောင်းရမယ်။ အဓိကက ကိုယ်လုပ်တဲ့ အလုပ်ကို ဦးတည်ချက် မပြောင်းနဲ့။ အောင်မြင်တာ ဖြစ်မယ် ။ မအောင်မြင်တာ ဖြစ်မယ်။ ဒါပေမယ့် အဲဒီနှစ်ခုစလုံးကို ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့ သတ္တိရှိရမယ်။ လူတိုင်းကတော့ အောင်မြင်ချင်ကြတာပဲ။ ညီမကတော့ ကိုယ်အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့ အလုပ်ကို တန်ဖိုးထားတယ်။

Q:

ကာရိုက်တာပိုင်းကို လေ့လာတဲ့အခါမှာရော ပတ်ဝန်းကျင်ကနေ ဘယ်လိုလေ့လာဖြစ်လဲ။

Ans:

အဲဒါကတော့ အကုန်လုံးကို လေ့လာရပါတယ်။

Q:

မေလေးရဲ့ ရှုတင်အားတဲ့ရက်တွေမှာရော ဘာတွေလုပ်ဖြစ်လဲ။

Ans:

ရှုတင် အားတဲ့ ရက်တွေမှာတော့ ကိုရီးယားကားတွေ ကြည့်ဖြစ်တယ်။ စာအုပ်တွေလည်း ဖတ်ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ဖက်ရှင်လိုင်းတွေ ကြည့်ဖြစ်တယ်။

Q:

ဖက်ရှင်လိုင်းတွေ ကြည့်ဖြစ်တယ်ဆိုတော့ မေလေးရဲ့ကိုယ်ပိုင်စတိုင်က ဘယ်လိုမျိုးလဲ။

Ans:

အပြင်သွားရင်တော့ ဂျင်းနဲ့ တီရှပ်ပဲဝတ်ဖြစ်တယ်။ ပွဲတွေသွားတဲ့ အခါမှာတော့ Evening Gown လို ဂါဝန်မျိုးတွေ ဝတ်ဖြစ်ပါတယ်။

Q:

အနုပညာအပေါ်မှာ မေလေးခံယူထားတဲ့ အနုပညာခံယူချက် ဆိုတာမျိုးရှိလား။

Ans:

ဟုတ်ကဲ့ ရှိပါတယ်။ နောက်ထပ်လည်း ပိုပြီးတော့ ကြိုးစားသွားမှာပါ။

Q:

မေလေးရဲ့ ပရိသတ်ကို ဘာတွေ ပြောချင်သေးလဲ။

Ans:

မေလေးကို အားပေးပါလို့ ပြောချင်ပါတယ်။

Q:

ကျေးဇူးတင်ပါတယ်

Ans:

မေလေးကလဲ ကျေးဇူးတင်ပါတယ်။

No comments: