Saturday, September 15, 2007

Inter view with Graham


နိုင်ငံခြားကို ဖျော်ဖြေရေးတွေသွားဖြစ်တဲ့အခါ ပွဲစီစဉ်သူတွေနဲ့ ဆက်ဆံရတာ အဆင်ပြေမှုရှိရဲ့လား။ ပြည်တွင်းမှာမဟုတ်တော့ သူတို့စီစဉ်ပေးတာတွေနဲ့ အဆင်မပြေတာမျိုးတွေကြုံလား။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဆစ်ဒနီနဲ့ ပါ့သ်ကို နှစ်ပတ်ကြာ ဖျော်ဖြေရေးသွားဖြစ်သေးတယ်လေ။ အဆင်ပြေ တယ်ပဲပြောရမှာပေါ့။ ဆစ်ဒနီမှာနေတဲ့ ဒေါက်တာမြင့်ထွန်းနဲ့အဖွဲ့က စီစဉ်ကြတာပေါ့။ သူတို့က(၇)ယောက် လောက်ရှိတယ်။ ဟိုတယ်ကောင်းကောင်းမှာ ထားပေးတယ်။ အလည်အပတ်လည်း ပို့ပေးပါတယ်။ ပါ့သ်ရောက်တော့ အိမ်တွေမှာပဲ တည်းကြတယ်။ နိုင်ငံခြားခရီးစဉ်က လေးငါးနိုင်ငံရောက်ဖြစ်ပါတယ်။ ပွဲတွေဆိုဖြစ်တာကတော့
တစ်ပွဲ၊ နှစ်ပွဲပါပဲ။ ရက်ကြာသွားတာက အေးအေးဆေးဆေးလည်ချင်လို့ပါ။

ဒီလို ဖျော်ဖြေရေးတွေသွားခဲ့တဲ့တစ်လျှောက် ကိုပူစူးအနေနဲ့တော့ ဘာမှ အခက်အခဲမရှိဘူးပေါ့။
ဆစ်ဒနီမှာတော့ နည်းနည်းအဆင်မပြေမှု ဖြစ်ခဲ့တယ်။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အနုပညာကြေးကိစ္စပါ။ ဒီမှာပြောတုန်းက တစ်မျိုး၊ ဟိုရောက်တော့ တစ်မျိုး၊ သူတို့ကတော့ နားလည်မှုလွဲသွား တာပါလို့ပြောတယ်။ စာချုပ်ကို ကျွန်တော်က ယူမသွားဘူး။ သူတို့ကို ယုံလို့။ သိပ်တော့ မကွာပါဘူး။ ဒေါ်လာ
၂၀၀လောက်ပါပဲ။ သူတို့က နားလည်မှုလွဲလို့ပါလို့ လျှောချတယ်။ ဒါပေမဲ့ ပေးမယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ မယူခဲ့ပါဘူး။ သူတို့ပြောတဲ့စကားကို သိပ်မကြိုက်လို့။ အဲဒါမျိုးလေးတွေရှိခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်။ နိုင်ငံခြားသွားတဲ့ အဆိုတော် တော်တော်များများ ကြုံရတဲ့ပြဿနာလေးတွေပါ။ ဟိုမှာရောက်နေတဲ့ မြန်မာတွေက သူတို့ပဲလိုက်ပို့၊ လိုက်ကျွေးချင်တယ်။ သူတို့က တာဝန်ယူထားတာပေါ့။ တခြား တာဝန်မယူထားတဲ့ မြန်မာတွေနဲ့ အဆိုတော်တွေ ခင်သွားတာမျိုးဆိုရင် သူတို့မကျေနပ်ကြဘူး။ ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတွေကို တွေ့ရင် ၀မ်းသာအားရ ခေါ်ချင်တယ်။ ကိုယ့်ကိုအားပေးကြတော့ ခင်ခင်မင်မင် ပြန်ဆက်ဆံရတာပေါ့။

ပြည်တွင်းမှာရော အဲဒီလိုပြဿနာမျိုး ကြုံဖူးလား။
ပြည်တွင်းမှာက အဲဒါမျိုးမဖြစ်ပါဘူး။ သွားရလာရတဲ့နေရာတွေမှာ နေရထိုင်ရတာ အခက်အခဲရှိတာလေးတွေ လောက်ပါပဲ။ နေရာစုံမှာ သီချင်းလိုက်ဆိုဖူးတော့ နေတတ်နေပါပြီ။ ကိုယ့်အိမ်မှာလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ နယ်တွေသွားရင် အိမ်တွေမှာ တည်းရတာများတယ်။ အဲဒီတော့လည်း နွေးထွေးတာပေါ့။ တစ်ခါတလေ ဘယ်မှာထားပါမယ်ပြောပြီး ဟိုရောက်မှ တစ်မျိုးကြုံရတာလည်း ရှိတာပဲ။

ကိုပူစူး Live show လည်း ရှုံးတယ်လို့ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။
ခိုးကူးကြောင့်ပေါ့လေ။ ဒါပေမဲ့ နှစ်နှစ်တစ်ခါလောက် လုပ်ဦးမှာပဲ။ ကိုယ့်အနုပညာကို အပျက်စီးမခံပါဘူး။ အဆိုတော်တွေ အခွေအသစ်မထွက်နိုင်ရင်တော့ ပရိသတ်တွေအတွက် သီချင်းနားထောင်ရတာ အီလာမှာပေါ့။

ပါ့သ်ကိုရောက်တုန်း Pink Floyt ဂီတ၀ိုင်းဖျော်ဖြေမှု ကြည့်ခဲ့သေးတယ်ဆို။ အဆိုပညာနဲ့ပတ်သက်ပြီး ဘာတွေလေ့လာဖြစ်ခဲ့လဲ။
တစ်သက်လုံးမှာ ဒီတစ်ခါပဲကြည့်ခွင့်ရတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအဖွဲ့က ပါ့သ်ကို ဆယ်နှစ်နေလို့ တစ်ခါမလာဘူး။ ကြုံတောင့်ကြုံခဲပဲ။ လက်မှတ်က ဒေါ်လာ၁၅၀နဲ့ ၀ယ်ရတယ်။ အဲဒါ ကွင်းအလယ်လောက် ရောက်နေပြီ။ ရှေ့ဆုံးက ဒေါ်လာ၅၀၀။ အဲဒါတောင် ကျွန်တော့်ခယ်မက သူဝယ်ထား တဲ့လက်မှတ်ကို ကျွန်တော့်ကိုပေးလို့။ အင်တာနက်ကနေ လက်မှတ်တွေ ကြိုဝယ်ရတာ။ အဲဒီအဆိုတော်ကြီးက
အသက်၆၀ကျော်နေပြီ။ အရင်တုန်းက အဖွဲ့ရှိတယ်။ အခုတစ်ယောက်တည်းဖြစ်သွားပြီး ကမ္ဘာလှည့်ဖျော်ဖြေနေတာ။ သူ့သီချင်းတွေက Music ပုံစံဆန်းတယ်။ စာသားပိုင်းတွေလည်း အားရှိတယ်။

live show ကို သိန်းရာကျော်ရှုံးထားတဲ့ ကိုပူစူးရဲ့ဖီလင်က ဘာဖြစ်မလဲ။ ရေရှည်မှာ တခြားစီးပွားရေးတစ်ခု အထိုင်ချသင့်တယ်ထင်လား။
live show အတွက် live showကို အခုအထိ အခွေဖိုးပေးနေရတုန်းပဲ။ အရင်းတောင်မရဘဲနဲ့ စိုက်ရသေးတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ အာသီသအတွက်၊ ပရိသတ်အတွက် လုပ်နေဦးမှာပဲ။ ကြော်ငြာအားတော့ သုံးတာ နည်းသွားမယ်ပေါ့။ စီးပွားရေးကတော့ အကောင်အထည် မဖော်ဖြစ်သေးတာပါ။ လုပ်တာတော့လုပ်မှာပါ။

No comments: