Saturday, September 15, 2007

Interview with Zaw Win Htut


မကြာခင် ကိုယ်ပိုင်သံစဉ်စီးရီးအသစ် ထွက်ရှိလာတော့မယ့် ကိုဇော်ဝင်းထွဋ်နဲ့ ဆုံဖြစ်ခိုက် သူ့ရဲ့ စီးရီးအသစ်နဲ့ပတ်သက် ပြီး ယခုလို အင်တာဗျူးလုပ်ခဲ့ပါတယ်။

အစ်ကို့ရဲ့စီးရီးအသစ်က ဘယ်အခြေအနေကို ရောက်နေပြီလဲ။
သီချင်းတွေ ရေးတာတောင် တစ်နှစ်လောက်ရှိသွားပြီ။ ရေးလိုက်၊ တီးလိုက်နဲ့ တော်တော်ကြာခဲ့ပြီ။ အခွေအမြန်ထွက်ဖို့ကို သိပ်မလောတော့ဘူး။ အတီးသမားတွေအနေနဲ့ သီချင်းတစ်ပုဒ်ကို ပုံစံအမျိုးမျိုး ပြောင်းတီးနိုင်အောင်ပေါ့ဗျာ။ ဥပမာ ရဲလင်း(ဒရမ်)ဆိုရင် သီချင်းတစ်ပုဒ်ကို ပုံစံခြောက်မျိုးလောက် တီးနိုင်နေပြီ။ စတိုင်အမျိုးမျိုးပြောင်းတီးတဲ့ အရသာကို ကျွန်တော်တို့ ငြိနေကြတယ်လေ။ အသည်းကွဲရေဒီယိုလို ပုံစံအမျိုးမျိုးနဲ့ ပြောင်းတီးတော့ ပရိသတ်အတွက်လည်း အပြောင်းအလဲတစ်ခု ခံစားရတာပေါ့ဗျာ။ နောက်တစ်ချက်ရှိတာက ကျွန်တော့်ရဲ့ပင်မရေစီးကြောင်း ပျက်သွားမှာလည်း စိုးရိမ်ရတယ်လေ။ ကိုယ့်ရှေ့မှာလုပ်ခဲ့တဲ့ သမိုင်းကြောင်းတွေက ဖျောက်ဖျက်ပစ်လို့မှ မရတာ။ စီးရီးခေါင်းစဉ်ကို တစ္ဆေ လမ်းလို့တော့ အကြမ်းပေးထားတယ်။ ဒါပေမဲ့ အပြောင်းအလဲရှိနိုင်ပါတယ်။

တေးရေးတွေက ကိုညီထွဋ်နဲ့ အရင်ကတည်းက လက်တွဲခဲ့တဲ့ ဦးလှိုင်(သုခမိန်လှိုင်)တို့ပဲလား၊ အသစ်တွေပါသေးလား။
အသစ်တွေ မပါပါဘူး။ ကျွန်တော့်အထာကိုသိတဲ့ သီချင်းရေးဆရာတွေပဲ ရေးထားတာပါ။ သုခမိန်လှိုင်၊ ၀င်းမင်းထွေး၊ မင်းချစ်သူ၊ စောခူဆဲတို့ဟာ ကျွန်တော်နဲ့ မျက်လုံးချင်းတန်းမိတာနဲ့တင် ဆိုလိုရင်းကို သဘောပေါက်နေပြီ။ အဲဒီလို မျိုးမှသာ ကျွန်တော်နဲ့ အဆင်ပြေမှာလေ။ သီချင်းတွေအားလုံးက ကိုယ်ပိုင်သံစဉ်တွေချည်းပဲ။ ကိုယ်ပိုင်သံစဉ်ဆိုတော့ စိတ်ကြိုက်ရွေးချယ်မှုတွေနဲ့ ကြာကြာလေးလုပ်နေတာပါ။

ကိုညီထွဋ်ဆိုတဲ့ သီချင်းစာသားအပိုဒ်တွေဟာ ရှင်းရှင်းလင်းလင်းနဲ့ ထိရောက်မှုရှိတာတွေ့ရတယ်နော်။
ကျွန်တော်က ပရိသတ်နားလည်ရခက်တဲ့ စာသားမျိုးကို သိပ်မကြိုက်ဘူးဗျ။ ကျွန်တော့်ကို ရေးပေးတဲ့ သီချင်းရေးဆရာ တွေကလည်း ကျွန်တော်လိုချင်တဲ့ အကြောင်းအရာကို သိနေကြတော့ ဘာမှပြောစရာမလိုဘူး။ ကျွန်တော့်သီချင်းကို နားထောင်တဲ့ပရိသတ်အတွက် သံစဉ်အပိုင်းကပဲဖြစ်ဖြစ်၊ စာသားအပိုင်းကပဲဖြစ်ဖြစ် တစ်ခုခုရသွားစေချင်တယ်။ နယ်မှာ ကလေးတစ်ယောက် ကျွန်တော့်ရဲ့ပဲ့ကိုင်ရှင်သီချင်းထဲက ]ကြီးမားတဲ့အကြင်နာအားတို့ရဲ့ ရိုက်ခတ်သံများ}ဆိုတဲ့ အပိုဒ် ကလေးကို ဆိုနေတယ်။ ကလေးက ငယ်ပါသေးတယ်။ အဲဒီလို ကလေးတစ်ယောက်က ကျွန်တာ့်သီချင်းကို တန်ဖိုးထား သီဆိုနေတာတွေ့တော့ ကျွန်တော် အရမ်းဂုဏ်ယူမိတယ်ဗျာ။

သီချင်းပုံစံတွေကရော အရင်ပုံစံမျိုးပဲလား။ သီချင်းဘယ်နှပုဒ်လောက်သုံးမယ်လို့ စဉ်းစားထားသလဲ။
ရော့ခ်အသိုက်အ၀န်းထဲက ပုံစံတွေပါပဲ။ သီချင်းစုစုပေါင်း ၁၂ပုဒ်၊ ၁၃ပုဒ်လောက်တော့ သုံးဖြစ်မယ်ထင်တယ်။ သိပ်တော့ မသေချာသေးဘူး။

No comments: