Tuesday, September 11, 2007

စိုင်းစိုင်း၊ အိန္ဒြာကျော်ဇင်တို့ရဲ့ အိပ်မက်စေညွှန်းရာ DVD မိတ်ဆက်


စိုင်းစိုင်း၊ အိန္ဒြာကျော်ဇင်တို့ရဲ့ အိပ်မက်စေညွှန်းရာ DVD မိတ်ဆက်


ပြီးခဲ့တဲ့ အင်္ဂါနေ့က အိပ်မက်စေညွှန်းရာ.. ဆိုတဲ့ DVD ဇာတ်ကား press show ကို ရောက်ခဲ့တယ်။ ဒီကနေ့မှာ အရမ်းကို ဟော့နေကြတဲ့သူတွေ ဒီဇာတ်ကားမှာ အတွဲထူးတယ်လေ..။ မင်းသားက စိုင်းစိုင်းခမ်းလှိုင်၊ မင်းသမီးက အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာက ၀ိုင်း ..တဲ့။ Heart & Soul ဗွီဒီယို ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ဇာတ်ကား၊ ပြီးတော့ ဒါရိုက်တာဝိုင်းရဲ့ ဦးဆုံးလက်ရာ ဗွီဒီယိုဇာတ်ကားလည်း ဖြစ်ပါတယ်။


ဇာတ်လမ်းလေးကတော့ လူငယ်ကြိုက် အချစ်ဇာတ်လမ်းလေးပါပဲ။ အလုပ်အရမ်းကြိုးစားပြီး ချစ်သူအတွက်တောင် အချိန်သိပ်မပေးနိုင်တဲ့ လူငယ်လေးတစ်ဦး။ ကိုယ့်ချစ်သူဆီက ဂရုစိုက်ယုယမှုကို မရဘူးလို့ ခံစားရတဲ့ ဂီတနည်းပြဆရာမလေး မိုးစက်။ တစ်နေ့တော့ ကောင်ကလေးက တကယ့်အဖြစ်အပျက်တွေလိုပဲ ထင်ရှားလွန်းတဲ့ ခြောက်ခြားဖွယ်ရာအိပ်မက်တစ်ခုကို မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူ့ချစ်သူကောင်မလေး ကားအက်ဆီးဒင့်ဖြစ်ပြီး သေသွားတယ်။ နောက်တစ်နေ့မှာ ဒီအိပ်မက်ထဲက စကားတွေအတိုင်း၊ အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်တယ်။ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်နေပေမယ့်လည်း အိပ်မက်ထဲကလို ချစ်သူသေသွားမှာကိုစိုးလို့ နောက်ဖြစ်လာမယ့်အရာတွေကို ရှောင်ရှားနိုင်အောင် အသည်းအသန်ကြိုးစားရတော့တယ်။ အလုပ်ဆိုတာကိုလည်း မသိတော့ဘူး။ လောကကြီးထဲမှာ နေရဖို့ အချိန်သိပ်မရှိတော့ဘူးဆိုတာကို သိနေခဲ့ရင်.. သင်ဘာလုပ်မလဲ..။ ဒီဇာတ်ကားက ပေးချင်တဲ့ အဓိကအကြောင်းအရာက အဲဒါပါပဲ။ အိပ်မက်ထဲက အတိတ်နိမိတ်တွေကို ဘယ်လိုစွမ်းအားမျိုးနဲ့ ပြောင်းလဲပစ်နိုင်မလဲ..။ အိပ်မက်စေညွှန်းရာအတိုင်း မနာခံလိုတဲ့အခါ သင်ဘာတွေ လုပ်မိမလဲ..။ သင့်စိတ်ကူး အတွေးတွေနဲ့ ဒီဇာတ်လမ်း ဘယ်လောက်နီးစပ်မှုရှိမလဲ၊ ဘယ်လိုကွဲလွဲမှုရှိမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။


ဒီဇာတ်ကားကို သြဂုတ်လ (၃၁)ရက်နေ့မှာ န၀ဒေး၊ မဟာမြိုင် ရုပ်ရှင်ရုံတွေမှာ စတင်ပြသမှာဖြစ်ကြောင်း၊ စက်တင်ဘာလ(၇)ရက်နေ့မှာ ရွှေမန်း၊ စံပြ၊ သီတာ ရုပ်ရှင်ရုံများမှာ ဆက်လက်ပြသမှာဖြစ်ကြောင်း၊ DVD အခွေကိုလည်း ဖြန့်ချိမှာဖြစ်ကြောင်း သိရပါတယ်။

No comments: