Monday, September 17, 2007

‘‘ Interview with အေးဝတ်ရည်သောင်း ’’


Q:

ပေါက်စီ အနုပညာလောကထဲကို ရောက်လာတဲ့နှစ်လေးရယ်၊ စရောက်လာ တဲ့ပုံရယ်၊ ဘယ်လို အခြေအနေမျိုးတွေနဲ့ အနုပညာ လောကထဲကို ရောက်လာတာလဲဆိုတာ၊ အဲဒါလေးကို သိချင်တယ်။

Ans:

ရောက်လာတာက model လုပ်ပြီး ရောက်လာတာပေါ့၊ ဘယ်လိုလုပ် ဖြစ်သွားလဲ ဆိုတော့ အဲဒီတုန်းက လုပ်ဖြစ်ဖို့ အစီအစဉ် မရှိဘူး။ မကြီးက Fashion show လျှောက်တယ်။ အဲဒီမှာ မကြီးနဲ့ အဒေါ်နဲ့ လျှောက်မယ်လို့ စာရင်းတင်ထားပြီး အဒေါ် ခရီးထွက်သွားတာ အဲဒီနေ့ကို မလျှောက်ဖြစ်ဘူး။ ပေါက်စီကို အားရင်ဝင်လျှောက် ပေးပါလားဆိုပြီး အဲဒီနေ့မှာ ၀င်လျှောက် ဖြစ်သွားတာ။ အဲဒီတုန်းက ၁၂နှစ် လောက်ပဲ ရှိသေးတာ၊ ဂျွန်လွင်နဲ့ လုပ်တာ၊ အဲဒီမှာ စလျှောက်ဖြစ်သွားတာ၊ နောက်ပိုင်း ဂျွန်ကပွဲတိုင်း ခေါ်ပြီးတော့ လျှောက်ဖြစ် သွားတယ်။ လုပ်ရင်းနဲ့ ဒီ model လောကထဲကို ရောက်သွားတာ။

Q:

အဒေါ်က ခရီးသွားလို့ စပြီးလျှောက်တာပေါ့၊ ခရီးသွားဟန်လွှဲ ဖြစ်သွားတယ်၊ အသက်က ၁၂နှစ်ပဲ ရှိသေးတယ်၊ အဲဒီအချိန်မှာထဲက ကိုယ်ကစပြီး model လောကထဲ ရောက်တဲ့အချိန်မှာ ၁၂နှစ် အရွယ်ထဲက catwalk လျှောက်တာတို့ ဘာတို့ စိတ်ဝင်စား နေပြီလား။

Ans:

မကြီးက အရှေ့က လျှောက်ရတော့ လျှောက်ချင်တယ်။ ဒါပေမဲ့ ကိုယ်က ကလေးပဲ ရှိသေးတော့ သိပ်ပြီး လျှောက်ဖို့ ထိတော့ မမျှော်လင့်ဘူး။ အိမ်မှာတော့ မကြီး ရှေ့ကလျှောက်နေတာကို ဒေါက်ဖိနပ်တွေစီးပြီး နောက်ကနေ လိုက်ခွင့်ရတယ်။ ၀ါသနာ ပါတာပေါ့နော်။ ကိုယ့်အစ်မ လုပ်တာတွေ့တော့ နောက်ကနေ လိုက်လိုက် လုပ်တာပေါ့။ ဒါပေမယ့် ကိုယ်ဝါသနာပါနေလား လျှောက်ချင်တဲ့စိတ် ရှိလားဆို တာတော့ ကိုယ့်ကိုယ် ကိုလည်း မသိဘူးပေါ့။

Q:

ငယ်သေးတော့ သေချာတော့ မဝေခွဲ နိုင်သေးဘူးပေါ့။ လိုက်တော့ လုပ်ကြည့်ချင် တဲ့သဘောပေါ့။ ဒါဆိုရင် ပေါက်စီက Miss Christmas ကိုလည်း ရထားတယ်။ အဲဒါက ၁၉၉၈ မှာ အဲဒါ သေသေချာချာ ပြင်ဆင်ပြီးတော့ ပြိုင်ပွဲဝင်တာလား။

Ans:

ဟုတ်တယ် သေချာပြင်ဆင်ပြီးတော့ ပြိုင်ပွဲဝင်တာ၊ လမ်းလျှောက်တာကော၊ ဒေါက်ဖိနပ်စီးတာကအစ သေချာအိမ်မှာ လေ့ကျင့်ပြီး ပြိုင်ပွဲဝင်တာ၊ ရယ်တာ ပြုံးတာကအစ သေချာ Prepare လုပ်ပြီးမှ ပြိုင်ပွဲဝင်တာ။

Q:

သေချာ Prepare လုပ်ပြီးမှ ပြိုင်တယ်။ ပြိုင်တဲ့အခါကျတော့လည်း ဒီ Miss-Christmas ကို ရခဲ့တယ်။ အဲဒီအချိန်မှာ ဘယ်သူ့ကို ကျေးဇူးအတင်ဆုံးလဲ.......

Ans:

အဖေနဲ့ အမေပေါ့။ အမြဲတမ်း လိုက်လိုက်ပြီး တွန်းပေးနေတာပေါ့။ ကိုယ်မလုပ်ဘူး ဆိုလည်း ဒါတော့ လုပ်သင့်တယ်ဆိုပြီး လမ်းပြပေးတာပေါ့။ ကိုယ့်အနားမှာ အနီးဆုံးလည်း ရှိတယ်။ ပြီးတော့ မကြီးကိုလည်း ကျေးဇူးတင်တယ်။ လမ်းလျှောက်ပုံ လျှောက်နည်းကအစ သူပဲပြပေးတာ။

Q:

model လောကကနေပြီး ရုပ်ရှင်လောကထဲကို ဘယ်လိုပုံစံနဲ့ ကူးသွားတာလဲ။

Ans:

ရုပ်ရှင်လောက ကကျတော့ model လုပ်နေရင်းနဲ့ မကြီးတို့ရယ်၊ မအူဝဲရယ်၊ မဒါရယ်၊ ခြူးလဲပါတယ်.. သူတို့က ကားသွားရိုက်မယ်ဆိုတော့ ချောင်းသာမှာ သွားရိုက်မှာ.. အဲဒီမှာ တစ်ယောက် လိုနေတယ်ဆိုတော့ ဒါရိုက်တာကလည်း ပေါက်စီကို သိတယ်.. ပြီးတော့ ကိုရန်လေးနဲ့ ကလည်း show တိုင်း ကိုရန်လေးက လာကြည့်တယ်.. လာကြည့်တော့ ခင်နေတာနဲ့ သူရိုက်မယ့်ကားမှာ ပေါက်စီတို့က အပျော်လေးပဲ၊ fancy ပဲဆိုတော့ action လည်း သိပ်လုပ်စရာ မလိုဘူး၊ နောက် လူငယ် model တွေနဲ့ ရိုက်မယ်ဆိုတော့.. အဲဒီမှာစပြီး ကိုဇော် (အာရုဏ်ဦး) ကလည်း ခေါ်တယ် ကိုရန်လေးကလည်း ခေါ်တယ်ဆိုတော့ ရိုက်ဖြစ်သွားတာ။

Q:

ရုပ်ရှင်ဇာတ်လမ်း အနေနဲ့ ဘယ်ဇာတ်လမ်းမှာ စပြီးတော့ ပေါက်စီကို သတိထား မိကြတာလဲ။

Ans:

ဦးကျော်နဲ့ရိုက်တဲ့ ဆူးနဲ့နှင်းဆီတိုက်ပွဲတို့၊ နောက်ပြီး အဖေနဲ့သမီးတို့ .. အဲဒီလိုကားတွေမှာ ပိုပြီး သိလာတယ်လို့ထင်တာပဲ။

Q:

အဲဒီဇာတ်လမ်းတွေမှာ သရုပ်ဆောင် ရတာကော အားရလား၊ ကျေနပ်လား၊

Ans:

အဲဒီအချိန်တုန်းကတော့ အကောင်းဆုံး လုပ်ခဲ့တာဘဲ။ အခုပြန်ကြည့်တော့ ကလေးတုန်းက လုပ်ခဲ့တာဆိုတော့ တမျိုးဖြစ်နေတာပေါ့... အတတ်နိုင်ဆုံး အစွမ်းကုန် လုပ်တာပါပဲ။

Q:

ငယ်ငယ်ရွယ်ရွယ်ထဲက ၁၂နှစ်သမီးကတည်းက model လျှောက်တဲ့ အလုပ်တွေ -- အနုပညာ လောကထဲကို ခြေချလာတော့ ကျန်တဲ့ လူငယ်တွေနဲ့ မတူဘူးလေ၊ အဲဒီတော့ ဖြတ်သန်းလာတဲ့ လူငယ်ဘ၀ပေါ့.. တခြားလူငယ်တွေနဲ့ ကွဲပြားနေတယ်.. အခက်တွေနဲ့ ရင်ဆိုင်ရလား၊ ပိုပြီးတော့ဘဲ ပျော်စရာကောင်းလား .

Ans:

အဆိုးလည်းရှိတယ်၊ အကောင်းလည်းရှိတယ်။ ၈တန်းလောက်က စပြီးလုပ်တာ ဆိုတော့ ကျောင်းနဲ့လည်း အဆက်အစပ်မရှိဘူး .. ကျောင်းက သူငယ်ချင်းတွေဆုံရင် သူတို့ သွားကြလာကြ စားကြသောက်ကြဆိုရင် သူငယ်ချင်း အချင်းချင်း အဲဒီလို နေကြတာ ပေါ့နော်။ ပေါက်စီက အဲဒီထဲမှာ နဲနဲတော့ ကွဲထွက်နေတယ်။ သူငယ်ချင်းတွေနဲ့လည်း မသွားဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်အနုပညာ လုပ်ငန်းထဲက လူတွေနဲ့ဘဲ တွေ့နေ ရတယ်။ တကယ်တန်း ပေါက်စီ ကြီးပြင်းလာတဲ့ အခါကျတော့ သူငယ်ချင်းက မရှိတော့ဘူး၊ ဒီဘက်အနုပညာ လုပ်ငန်းဘက်မှာ သူငယ်ချင်းရှိတယ်.. ဒါပေမယ့် သူတို့နဲ့ကျတော့ ကားတခါ ရိုက်ရင်တွေ့တယ်၊ ပြီးရင်ပြီးသွားတာပဲ နောက်တစ်ကား ကျတော့ နောက်သူငယ်ချင်းပေါ့။ ဒီလောကက အကျယ်ကြီးလို့ ထင်ပေမဲ့ ပေါက်စီရတဲ့ လောကက ကျဉ်းကျဉ်းလေးဘဲ၊ ဒီထဲမှာဘဲ နေနေရတယ်။ ဒါပေမယ့် အပြင်က သူငယ်ချင်းတွေက ပေါက်စီထက် ပိုပြီးတော့ သိတယ်.. အဲဒီလိုပေါ့ သူတို့လောကက ပိုကျယ်ပြန့်သလို စိတ်ထဲမှာ ခံစားရတယ်။ တခါတလေကျ ကိုယ်ကတစ်ယောက်ထဲ ဖြစ်နေသလို.. Lonely ဖြစ်တယ်လို့ ခံစားရတယ်။

Q:

သူတို့က ပိုလွတ်လပ်တယ်လို့ ထင်တာပေါ့။ ဒီလိုကျော်ကြားလာတဲ့ အနုပညာရှင် တစ်ယောက်မဟုတ်ဘဲ ရိုးရိုးလူငယ် တစ်ယောက်က အနေအထိုင်ကအစ ပိုပြီး လွတ်လပ်တယ်လို့ ထင်တာပေါ့။

Ans:

ပိုပြီးထင်ပါတယ်။ ဒါပေမယ့် ကိုယ်က မင်းသမီးဆိုပြီးတော့ ဟိုလိုမျိုးမသွားရဲ.. ဒီလိုမျိုးမသွားရဲတာမျိုး မဟုတ်ဘူး... ကိုယ်နေချင် သလိုမျိုးတော့ နေတာဘဲ။

Q:

ရုပ်ရှင်တွေကလည်း ဆက်ပြီးရိုက်နေတယ်.. model show တွေမှာလည်း အခါအားလျော်စွာ လျှောက်နေတယ်.. အခုသီချင်းခွေ တစ်ခွေလဲ ထွက်ပြီးပြီနော် .. သီချင်းကို စဆိုဖြစ်တာကော ဘယ်လို အကြောင်းကြောင်း တွေကြောင့် ဆိုဖြစ်တာလဲ .. ဘယ်လို တွန်းအား တွေကြောင့် ဆိုဖြစ်သွားတာလဲ.

Ans:

သီချင်းကို စဆိုဖြစ်တာ ကျတော့ ပထမဆုံး Acid တို့ ဘာတို့အဖွဲ့တွေ ထွက်လာတော့ လူငယ် အဖွဲ့တွေကို အားပေးကြတာပေါ့.. အဲဒီလို အားပေးတော့ အဖွဲ့လေး တစ်ဖွဲ့ပေါ့.. ပေါက်စီရယ်၊ မကြီးရယ်၊ နောက်သူငယ်ချင်း တစ်ယောက်ရယ် ပေါင်းပြီးတော့ အခွေလေး တစ်ခွေလုပ်ဖို့ စဉ်းစားထားတယ် အဲဒီကတည်းက... စဉ်းစားပြီးတော့ Telephone ဆိုတဲ့အဖွဲ့လေး တစ်ဖွဲ့လုပ်တယ် အခွေထုတ်မလို့ပေါ့.. သီချင်းတွေလဲ ရွေးပြီးပြီ.. ဒါပေမယ့် တစ်ယောက် အားတာ.. တစ်ယောက် မအားတာ စောင့်ရင်း စောင့်ရင်းနဲ့ အခွေက ကြာသွားတာ.. ၃ နှစ်လောက် ကြာသွားတာပေါ့ အဲလိုဆိုရင်တော့ မဖြစ်တော့ဘူး .. အခွေကလဲ ထွက်ချင်တယ်။ သီချင်းဆိုရတာ ၀ါသနာပါတယ်.. မကြီးနဲ့ နှစ်ယောက် လုပ်မလို့.. မကြီးကလဲ serious မဖြစ်ဘူး .. အဲဒီတော့ ပေါက်စီ တစ်ယောက်ထဲ လုပ်တော့မယ်ဆိုပြီး လုပ်ဖြစ်သွားတာ။

Q:

အခွေမှာ မဆိုခင် Recording မလုပ်ခင်မှာ အပြင်မှာ ဆိုဘူးတဲ့ အတွေ့အကြုံရှိလား။

Ans:

အပြင်မှာဆိုဖူးတယ်။ ရုပ်ရှင်ဖြေဖျော်ပွဲတွေ၊ သင်္ကြန်တို့ဘာတို့မှာ ဆိုဖူးတယ်။

Q:

အရင်တုန်းက ဆိုတဲ့အချိန်မှာ ဘယ်သူ့သီချင်းတွေ ဆိုတာများလဲ ..

Ans:

မတင်ဇာမော် သီချင်းတို့ မကော် သီချင်းတို့ နောက် ကဗျာဘွဲ့မှူး သီချင်းတို့ ဆိုတာများတယ်။

Q:

သီချင်းခွေ စလုပ်မယ် ဆိုတော့ ဘယ်သူတွေနဲ့ တိုင်ပင်လဲ .. ဂီတလောကထဲက

Ans:

သီချင်းစအပ်ဖို့ကို ကိုညီလေးကို စပြီး ဖုန်းဆက်တာ.. ဖုန်းဆက်တော့ ကိုညီလေးက သီချင်းရေးတဲ့ ဆရာတွေကတော့ ဘယ်သူတွေ ကောင်းတယ်ပေါ့.. ကိုဇော်လတ်နဲ့ ရေးကြည့်ပါလားဆိုတော့ သမီးကလည်း သူတို့ကို ကြိုက်တယ်.. ကြိုက်တယ်ဆိုမှတော့ ပထမဆုံးစဉ်းစားတာ IC နဲ့ တီးမယ်။ တီးမယ်ဆိုတော့ ကိုညီလေးကို ဖုန်းဆက်ပြီး Own Tune လုပ်တာ ကောင်းမယ်ဆိုပြီး ကိုဇော်လတ်တို့နဲ့ နောက်နေ့ သွားတွေ့တယ်။ ကိုဇော်လတ်ရယ်၊ ကိုရွှေ၊ ကိုမြင့်မိုး၊ ကိုအယ်ဖြူပေါ့ ၄ ယောက်လုံး ကလဲ ပေါက်စီကြိုက်တဲ့ လူတွေဆိုတော့ သူတို့နဲ့တိုင်ပင်ပြီး ပေါက်စီအသံကိုလည်း နားထောင်တယ် ပြီးတော့ လိုက်ဖက်မဲ့ သီချင်းကိုလည်း ရွေးပေးတယ်။ ပေါက်စီလည်း သူတို့ရွေးပေးတဲ့ သီချင်းတွေကို ကြိုက်တယ်.. ၁၂ပုဒ် ရွေးလိုက်တယ် .. ပြီးတော့ တီးလိုက်တာပေါ့။

Q:

ဒီလွယ်လွယ်လေးဆိုတဲ့ စီးရီးထွက်သွားဖို့ အစကနေ ထွက်သွားတဲ့အထိ အချိန်ကာလ ဘယ်လောက်အထိ ကြာလဲ၊ ဘယ်လို အခက်အခဲတွေတွေ့ခဲ့ရလဲ၊ ဘယ်လို ပျော်စရာ တွေ တွေ့ခဲ့ရလဲ။

Ans:

ထွက်ဖို့အထိ ၂ နှစ် ကျော်ကျော်လောက် ကြာတယ်။ ဘယ်လိုအခက်အခဲ တွေ့ရလဲဆိုတော့ အခက်အခဲတော့ မဟုတ်ဘူး။ ကြိုတင်ပြင်ဆင် တာတော့ မခင်မြတ်မွန်နဲ့ သီချင်းတွေ ကျင့်တယ်။ High Pitch ရအောင် ပေါ့နော်။ အနိမ့်ရော အမြင့်ရောပေါ့ သီချင်းတွေ ကောင်းဖို့အတွက် ကိုမြင့်မိုးတို့က ပြောတယ်.. ဒီလိုကျင့်ရင် ကောင်းမယ်.. Guide ပေါ့.. ပေါက်စီ တယောက်ထဲ သူတို့ပြောတာ ကိုဆိုနေမှာနဲ့ စာရင်တော့ ကိုယ့်မှာ Guide Line ရှိတော့ ပိုကောင်းတာပေါ့။ မခင်မြတ်မွန်နဲ့ ကျင့်တယ်။ အဲဒါ တစ်နှစ်လောက် ကျင့်တယ်။ မတီးခင်အထိပေါ့။ Recording မလုပ်ခင် နေ့တိုင်း ကျင့်ဖြစ်တယ်။ မခင်မြတ်မွန် နဲ့ တစ်ပတ်ကို ၂ရက်ကိုကျင့်တယ်။ ဒါက ကြိုပြီး ပြင်ဆင်တာပေါ့။ အခက်အခဲကျတော့ အခွေထွက်ဖို့ကို ကိုယ်တယောက်တည်း လုပ်လို့မရတဲ့ အခါကျတော့ .. ထားပါတော့ တီးတာကို စောင့်ရတယ်။ sensor (ဆင်ဆာ) ကို စောင့်ရတယ် Mixing ဆွဲဖို့ စောင့်ရတယ်။ သူ့အလှည့်နဲ့ သူဆိုတော့ ကိုယ်လုပ်ချင်တာ အားလုံးကို တပြိုင်နက် လုပ်လို့မရဘူး။ နောက်သီချင်း ရေးတာ ရောပေါ့။ ပေါက်စီ Pressure မပေးဘူး။ သူတို့လဲ Feeling နဲ့လုပ်ရတာဆိုတော့ သူတို့ရေးပြီးတာ စောင့်ယူတဲ့ အတွက်ကြောင့် အချိန်တွေ ကုန်တာပေါ့။ ဒါပေမယ့် အချိန်ကုန်တာနဲ့ စာရင် အနုပညာ အစစ်အမှန်ကို ရတာပေါ့။ ပေါက်စီအတွက် ရေးပေးတာကို ရတာပေါ့။ အဆင်သင့် ရေးပေးတာကို ယူတာ မဟုတ်ပါဘူး။ ကြာတော့ ကြာတာပေါ့.. Quality လေးရတာပေါ့။

Q:

ပေါက်စီက မြန်မာပြည်မှာ မော်ဒယ်၊ ရုပ်ရှင်၊ ဂီတ၊ ၃ခုစလုံးမှာ ပတ်သက်နေပြီ၊ ၃ခုစလုံးမှာလည်း အောင်မြင်ရပြီ။ အဲဒီတော့ ဒီ၃ခုဟာ ဘယ်လိုကွာခြားလဲ။ ဘယ်ဟာအပ်ါမှာ ပိုပြီး ခုံမင်လဲ။ တစ်ခုခြင်းစီအပေါ်မှာ ဘယ်လိုသဘောထားခဲ့လဲ အဲဒါလေး ပြောပြပါအုံး။

Ans:

မော်ဒယ် ကတော့ ခုနောက်ပိုင်း သိပ်မလျှောက် ဖြစ်တော့ဘူး။ တချိုပွဲတွေတော့ လျှောက်ဖြစ်တယ်။ ဒါပေမယ့် သိပ်မရင်းနှီးတော့ဘူး။ ကြာတဲ့အတွက် တခါတလေကျရင် အခက်အခဲကြုံရတယ်။ ပထမဆုံး ပြန်လျှောက်တဲ့ show ဆိုရင် မလျှောက် တတ်တော့ဘူး။ မလုပ်တာကြာတဲ့ အတွက်ကြောင့်မို့လို့ လုပ်ရတာ confuse ဖြစ်တယ်။ သိပ်ပြီးတော့ လျှောက်ရတာ အဆင်မပြေဘူး။ အစတုန်းက လုပ်နေတဲ့အချိန်တုန်းက အရမ်းပျော်တယ်။ စင်ပေါ်မှာ လျှောက်ရတာ ကိုယ့်ကိုယ့်ကို အရမ်း Proud ဖြစ်သလိုမျိုးပေါ့။ မော်ဒယ်ဘ၀ကိုလည်း ကြိုက်တယ်။ ရုပ်ရှင်ကျတော့ ပေါက်စီ ၁၄နှစ် သမီးမှာ စရိုက်တာ အဲတုန်းက ကျတော့ camera ဆိုတာ ဘယ်ဆီနေလို့ နေမှန်းလဲ မသိဘူး။ စရိုက်တဲ့ကားတုန်းက သူတို့က ရေထဲသွားဆော့လိုက်ဆိုရင် သွားဆော့လိုက်တယ်။ ငယ်ငယ်တုန်းကတော့ Acting ဆိုတာလဲ မသိဘူး ပေါ့နော် .. တဖြည်းဖြည်းနဲ့ ကားတွေရိုက်လာတာ ၄၊၅၊၆ ကားလောက် ကျတော့မှ Acting ဆိုတာ ဘယ်လိုမျိုး၊ Camera ရှေ့မှာ ဘယ်လိုနေရတယ်။ ရိုက်တာများလာတဲ့ အခါကျတော့ experience ပေါ့နော်။ ဘယ်လိုလုပ်ရမလဲဆိုတာ သိလာပြီပေါ့။ စလုပ်တုန်းကနဲ့စာရင် သိလာပြီပေါ့။ ပေါက်စီအများကြီးမသိဘူး။ ကိုယ့်ထက် ရှေ့ကလုပ်တဲ့သူတွေက ကိုယ့်ထက်လည်း အသက်အရွယ် အရကြီးတယ်။ လူတစ်ယောက်ကို ချစ်တဲ့ကြိုက်တဲ့ အခန်းဆိုရင် ပေါက်စီ မကြည့်တတ်ဘူး...။ အဲဒီလို ပြူးပြူးကြောင်ကြောင် နဲ့ ကြည့်နေတာဘဲ။ အဲဒါမျိုးတွေ ရိုက်တာ အဆင်မပြေဘူး။ ငိုမယ့် အခန်းဆိုလဲ ဒီလိုပဲ ချက်ခြင်းကြီးငိုဆိုရင် ကိုယ်မှမငိုချင်တဲ့ အချိန်မှာ ငိုရဖို့အတွက်က အဆင်မပြေဘူးလေ။ အဲဒီအချိန်မှာ ပေါက်စီ ဘာလုပ်ချင်လဲဆိုတော့ သူငယ်ချင်းတွေနဲ့ လွပ်လွပ်လပ်လပ် လျှောက်သွားချင်တယ်။ Sticker သွားရိုက်မယ်။ သွားကမယ်။ အဲဒါမျိုးတွေ လုပ်ချင်တာ။ ဒါပေမဲ့ ဒီလောကထဲစ၀င်လာပြီဆိုတော့ မလုပ်လို့က မရတော့ဘူး။ Pressure တချို့လည်း ရှိလာတာပေါ့။ တာဝန်တခုလို ဖြစ်လာတာပေါ့။ တခါတလေကျရင် မလုပ်ချင်ဘူး။ လူငယ်လိုဘဲ နေချင်တာပေါ့နော်။ အဲဒီဘ၀ကတော့ ပေါက်စီမရခဲ့ဘူး။ ခုထိလဲမရသေး ပါဘူး။ သင်္ကြန်တွေ ဘာတွေက အစပေါ့။ ပေါက်စီ ၁၂နှစ်က မော်ဒယ် စလုပ်တာဆိုတော့ ၁၂နှစ် အရွယ်ဆိုရင် ပျော်တတ်ပြီပေါ့။ အဲဒီတုန်းက သင်္ကြန်ကစပြီးတော့ မဏ္ဍပ်တွေမှာပဲ နေရတယ်။ သူတို့ Promotion ပေါ့နော် ဥပမာ-မော်ဒယ်လျှောက် ဆိုလဲလျှောက် ၊ သီချင်းဆိုရင်လဲဆို၊ ကဆိုလဲက အဲဒီလိုမျိုးပေါ့။ တခါမှ တနှစ်မှပေါ့။ အခု သင်္ကြန်နီးလာလို့ ပြောပြတာပါ။ တနှစ်မှ ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်လိုက်ရတယ်၊ လည်လိုက်ရတယ်၊ မဏ္ဍပ် ထိုင်လိုက်ရတာ တခါမှမကြုံဖူးသေးဘူး လူငယ်တစ်ယောက် အနေနဲ့ ဆိုရင်တော့ ရှိသင့်တာပေါ့။ အဲလိုမျိုးတခါမှ မရှိခဲ့ဘူး။ ပေါက်စီဘ၀မှာ အဲလိုမရခဲ့ဘူး။ အဲဒါက လုပ်လာတဲ့ သက်တမ်းတလျှောက်ကို ပြောပြတာပေါ့။ နောက်တစ်ခုက ရုပ်ရှင်မှာကျတော့ လူအများကြီးနဲ့လုပ်ရတာ.. တခါတလေကိုယ် အရမ်းစိတ်ညစ်နေတဲ့ အချိန်မှာ ပျော်ခိုင်းတဲ့ အခါကျတော့ စိတ်မပါဘဲ လုပ်လိုက်ရတာ၊ တခါတလေကျရင် ဆက်မရိုက်ချင်တော့ဘူး။ ထွက်သွားချင်တယ်.. ရိုက်ကွင်းကနေ ထွက်သွားချင်တဲ့ အခါမျိုး တွေ့ကြုံခဲ့ဘူးတယ်.. တခါတလေ ကျတော့လည်း ပျော်တယ်။ ခရီးသွာားရတာတို့ ဘာတို့.. ငယ်ငယ်တုန်းကဆို ရိုက်ကွင်းမှာ အရမ်းဆော့တယ်။ အခုကြီးလာတော့ ငြိမ်သွားတယ်။ အသက်ကလည်း အရင်ကထက်စာရင် ကြီးလာပြီပေါ့နော်။ အဲဒါတွေတော့ ကွာသွားတာပေါ့။ ငယ်ငယ်တုန်းကတော့ လုပ်ချင်တာ လုပ်လိုက်တာပေါ့။ အခုကြီးလာတော့ ဒါကလည်း ပေါက်စီရဲ့ စီးပွားရေး တစ်ခုလဲ ဖြစ်နေတယ်။ နောက်တစ်ခုက ကျတော့ ပေါက်စီကသာ ဒီဘက်မှာ ခံစားနေရတာ ပရိတ်သတ်က မသိဘူးလေ။ တကယ်ရိုက်တဲ့ အခါကျတော့ အဲဒီရိုက်တာကို ပရိတ်သတ်က ကြည့်နေမှာဆိုတော့ Acting မပီပြင်သွားရင် .. ဒါ ပရိတ်သတ်အတွက် အလကားဖြစ်သွားမှာဆိုတော့ သူတို့အတွက်လည်း Entertainment တစ်ခုပေါ့.. တချို့က ရုပ်ရှင်ကြည့်ပြီး ငိုသွားကြတယ်။ တချို့ကလည်း ပျော်သွားကြတဲ့အခါကျတော့ ကိုယ့်ကို တသက်လုံး အားပေးလာခဲ့တဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေရတဲ့အခါကျတော့ သူတို့ကို Entertainment တစ်ခုလို Therapy တစ်ခုလုပ်ပေးနေရသလို စိတ်ထဲမှာ ဖြစ်သွားတယ်။

Q:

အခုကိုယ်တို့မြန်မာပြည်မှာ ကိုရီးယား ဇာတ်လမ်းတွဲ တွေကလဲ ခေတ်စားနေတယ်။ အဲဒီ ကိုရီးယား ဇာတ်လမ်းတွဲတွေ အပေါ်မှာ ဘယ်လိုမြင်လဲ... ကိုရီးယားဇာတ်လမ်း တွေရော ကြိုက်လား? ပြီးတော့ မြန်မာဇာတ်လမ်းတွေနဲ့ ဘယ်လိုကွာခြားမှုရှိလဲ .. ဘယ်လို မြင်လဲ ?

Ans:

ဘာတွေကွာခြားလဲဆိုတော့ သူတို့မှာ အချိန်အများကြီး ပေးနိုင်တယ်။ အချိန်ပေးနိုင်တယ်ဆိုတာ Actor တစ်ယောက်အနေနဲ့ ပြောရရင်ပေါ့၊ သူတို့မှာသေချာ ပြင်ဆင်တယ် အ၀တ်အစားကအစ၊ Characterနဲ့ လိုက်မဲ့ဟာ၊ Make up Artist က ရှိပြီးသား.. မင်းသမီးမှာ အရင့်ဆိုရင် တခြား ကောင်မလေးတွေမှာလည်း အရင့် .. Make up ပုံစံကအစ တကားလုံး ပြောင်းတယ်။ ဆံပင် ပြောင်းတာလေးတွေရှိတယ်။ ဆံပင်ပုံစံလေးတွေ သူတို့ဆီမှာ ရှိတယ်။ အနုပညာရှင် တစ်ယောက် Actor အနေနဲ့ကျတော့ အဲဒီလိုပြင်ဆင်မှုအများကြီးလိုတယ်။ ဒီမှာကျတော့ ကြိုတင် မပြင်ဆင်နိုင်ကြဘူး။ ရက်ကလဲ နည်းတယ်။ အချိန်ကလည်း ရိုက်ရက် ၆ ရက်ဘဲ ပေးတယ်။ တကယ်လို့သာ မင်းသား တစ်ယောက် နှစ်ယောက်က ဥပမာ သိန်း ၁၀၀ ပေါ့ အဲဒီသိန်း ၁၀၀ ကို မယူဘဲနဲ့ Location ကောင်းတဲ့နေရာတွေသုံးမယ်.. အချိန်တွေများများ ပိုပေးမယ်ဆိုရင် အဲဒီကားတွေ ပိုကောင်းသွားမယ်လို့ထင်တယ်။ နောက်.. ကိုရီးယားကားတွေက ဇာတ်လမ်းရှည်တယ်။ Dialogs တွေ အများကြီးပဲ-- ဘာလို့လဲဆိုတော့ အချိန်အများကြီးပေးနိုင်လို့ အများကြီး ရိုက်ပြီး သူတို့ ဖြစ်ကြလို့ပေါ့။ ဒီမှာကျတော့ ဒီနေရာတွေဘဲ ထပ်နေတယ်။ Location ပြောင်းချင်တယ် ဆိုရင်လည်း ပိုက်ဆံအကုန်အကျ ပိုများမှာပေါ့။ တချို့ Producer ကျတော့ ပိုက်ဆံပိုကုန်မှာ မတတ်နိုင်တဲ့ အတွက်ကြောင့် ဒီနေရာမှာဘဲ ဒီကားတွေက ထပ်နေတယ်။ ပြီးတော့ မြန်မာပရိတ်သတ်ရဲ့ အစွဲအလမ်းကြောင့်လဲပါတယ်။ မြန်မာပရိတ်သတ်ရဲ့ အစွဲအလမ်းကျတော့... ဒီ မင်းသမီးတစ်ယောက်ကို ဒီ Character နဲ့မမြင်ဘူး။ မင်းသမီးဆို မင်းသမီးဘဲ သူတို့ကမြင်တော့ မင်းသမီးက Vent လုပ်တယ်ဆိုလည်း မမြင်တော့ဘူး။ ပြီးတော့ Actor တွေကလည်း ငါမင်းသမီး၊ ငါမင်းသား ဆိုတဲ့စိတ်ပဲ ရှိတယ်။ ဒီနေရာကို မလုပ်ချင်ကြဘူး။ သူတို့မှာ အဲဒီလိုမဟုတ်ဘူး။ ဒီကားမှာ မင်းသမီးလုပ်ချင် လုပ်မယ် နောက်ကားမှာ Vent လုပ်ချင်လုပ်မယ်။ သူတို့ Character သူတို့အများကြီးခွဲလို့ရတယ်။ အဲဒါ မြန်မာပရိတ်သတ် အစွဲအလမ်း၊ နောက်တစ်ခုက Actor တွေကိုယ်တိုင်ရဲ့ စိတ်ဓါတ်လည်း ပါမယ်ထင်တယ်။ အဲဒါတွေကြောင့် မြန်မာရုပ်ရှင်တွေမှာက မင်းသားဆိုလည်း ဒီမင်းသားဘဲဖြစ်ရမယ် မင်းသမီးဆိုလည်း ဒီမင်းသမီးကဘဲ မင်းသမီးဖြစ်နေတယ်။ အဲဒါတွေကြောင့် ပရိတ်သတ်က ရိုးသွားတယ်။ ကိုရီးယားကားမှာက အဲလိုမဟုတ်ဘူး ဟိုလူကပြိုင်မလား ဒီလူကပြိုင်မလား အစကတော့ မင်းသမီးဘဲ အခုကျတော့ Vent ဖြစ်နေတယ် ဒီဘက်က Vent ကလည်း မင်းသမီးဖြစ်ရင်ဖြစ်မယ် သူတို့မှာ ကြိုပြီးဘာကိုမှ မခန့်မှန်းနိုင်ဘူး။ မြန်မာကား တစ်ကားကို ကြည့်လိုက်တာနဲ့ နောက်ဆုံးကျရင် သူမင်းသမီးဖြစ်မယ် ဆိုတာကိုကြိုပြီးသိနေတယ်။ မင်းသားမင်းသမီးက ဒါပဲ။ သူတို့မှာ ကျတော့ ဘယ်သူက မင်းသားဖြစ်မယ် ဘယ်သူက မင်းသမီးဖြစ်မယ် ကြိုတင်ခန့်မှန်းမရတဲ့ အခါကျတော့ လူတွေက ဘောလုံးပွဲတစ်ပွဲ ကြည့်ရသလိုပေါ့ ရင်ခုန်နေရတယ်။ အဲဒါကြောင့် ပိုပြီး ကြိုက်ကြတာဖြစ်မယ်။

Q:

ပေါက်စီက အခု Model ရော ရုပ်ရှင်လောကမှာ ရောကျတော့ ငယ်ကလဲ ငယ်သေးတယ်၊ သိပ်ပြီးတော့ လွပ်လပ်မှု မရှိဘူးလို့လဲ ထင်တယ်။ အခု ဂီတကိုရွေးချယ်လိုက်တဲ့ အခါကျတော့ရော ဂီတက ပေါက်စီအပေါ်မှာ ချုပ်ထိန်းမှုတွေ ရှိနေသေးလား။

Ans:

ဂီတမှာတော့ ချုပ်ထိန်းမှု သိပ်မရှိဘူး၊ ဆိုချင်တာကို လွတ်လွတ်လပ်လပ် ဆိုခွင့်ရှိတယ်.. အရမ်းအော်ချင်လဲ အော်လိုက်တယ်.. ဒါကဂီတ..လူတစ်ယောက်က စိတ်ညစ်ရင် ဖြစ်ဖြစ် ပျော်နေတာဘဲဖြစ်ဖြစ် သီချင်းလေးတွေ ညည်းတတ်ာကတယ်။ အိမ်မှာဆိုလည်း ကိုယ်တီးချင်တာ တီးပစ် လိုက်တယ်၊ ရေးချင်တာ ရှိရင်လည်း ချရေးပစ်လိုက်တယ်။ ကိုယ့်ခံစားချက်တွေ ဖော်ထုတ်ခွင့်ရှိတဲ့ တစ်နေရာမှာပေါ့နော်.. ရုပ်ရှင် ကျတော့မတူဘူး.. သူများခိုင်းတာကို လုပ်ရတာ.. ဂီတကျတော့ လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်.. ဒီလို အကြောင်းအရာကို ချရေးချင်တယ် ဆိုရင် ချရေးခွင့် ရှိတယ်.. ရေးပြီးတော့ ဆိုလိုက်ရင် ပရိတ်သတ် ကြိုက်ရင်လဲကြိုက်၊ မကြိုက်ရင်လည်း ပေါက်စီ ဆိုပြီး ထုတ်ခွင့်ရှိတယ်.. ရုပ်ရှင်မှာကျ ကိုယ် Producer လုပ်ရင်တော့ ကိုယ်ရိုက်ချင်တဲ့ ကားကို ရိုက်ခွင့်ရတာပေါ့၊ ကိုယ်ရိုက်ချင်တဲ့ character ဆိုတော့ ဥပမာ-ဟိုးငယ်ငယ်တုန်းက ဆင်းရဲပြီး အရမ်းရုန်းကန်ပြီးတော့ လူတွေကြားထဲမှာ အရမ်းမွန်းကြပ်ခဲ့ရတဲ့ ဘ၀၊ ဒါပေါက်စီကိုယ်တိုင် ထုတ်ပြီးရိုက်ရင် ရိုက်ခွင့်ရှိတယ်.. ဒါပေမယ့်ကိုယ်ကိုယ်တိုင် Producer မလုပ်ရင်ကျတော့ သူတို့ခိုင်းတာကို လုပ်ရတယ်၊ အဲဒါကြောင့် Pressure က အစောကြီး ထဲကပါပြီးသား.. ဒါလုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တစ်ခုက ပါပြီးသား... ဂီတမှာကျတော့ ဒီလိုမျိုးအကြောင်းအရာလေး ပေါက်စီက ဆိုချင်တယ် ဆိုရင် ဆိုပိုင်ခွင့်ရှိတယ်။

Q:

ကန့်သတ်ချက်မရှိဘူး.. ဂီတက ပိုပြီးတော့လွတ်လပ်တယ်... ပေါက်စီအတွက် ဆိုရင် သီချင်းဆိုတာ အားလုံးရဲ့ ထွက်ပေါက်လေးတစ်ခုပေါ့..

Ans:

ဟုတ်တယ်.. ပေါက်စီရဲ့ထွက်ပေါက်တော်တော်များများက သီချင်းဆိုတာဘဲ များတယ်။ အဲဒါကြောင့် (Music) ကို ပိုကြိုက်တယ်..

Q:

အခု Show တွေလည်း တော်တော် ဆိုဖြစ်နေပြီ... IC နဲ့ Show တွေမှာ ဆိုတဲ့ အခါကျတော့ ပရိတ်သတ် တော်တော်များများရဲ့ တုန့်ပြန်တာကို ကျေနပ်လား? ဘယ်လို တုန့်ပြန်ကြလဲ.? Show ပေါ်ကိုတက်လာတာ မော်ဒယ် လျှောက်တာနဲ့လဲ မတူဘူး.. ရုပ်ရှင် ရိုက်တာနဲ့လည်း မတူဘူး။ အသစ်တစ်ခု အနေနဲ့ ဖြစ်လား၊ စိတ်ထဲမှာ ဘယ်လိုနေလဲ..?

Ans:

အသစ်တစ်ခုတော့ဖြစ်တယ်။ အခုအချိန်မှာ လူတွေတစ်သိန်းလောက်ရှေ့မှာ သရုပ်ဆောင်ရတာကို မကြောက်ဘူး။ ဘယ်လိုအခန်းပဲဖြစ်ဖြစ် သရုပ်ဆောင်ရဲတယ်။ ဒါပေမဲ့ လူ ၂၀၀၀၊ ၃၀၀၀ လောက် ရှေ့မှာအသံနဲ့ သီချင်းဆိုပြီးတော့ Entertainment အဲဒီလို performance နဲ့ ပေါက်စီအသံကို လည်း ချက်ခြင်းနားထောင်၊ ပေါက်စီရဲ့ ပုံစံကို သူတို့ ကြိုက်လား၊မကြိုက်လား ပြီးတော့ ပေါက်စီသီချင်းကိုလည်း သိပ်မသိကြသေးကျတော့ စိတ်ထဲမှာ အမြဲတမ်း worry ဖြစ်တယ်။ ဆိုနေရတာ IC နဲ့ဆိုတော့ စိုးရိမ်စိတ် ပိုများတယ်။ ကိုယ့်ထက်ဝါရင့်တဲ့ အဆိုတော်ကြီးတွေဆိုတော့ ဦးငဲတို့၊ ကိုမျိုးကြီးတို့ အများကြီးရှိတော့ သူတို့ကိုကြည့်ပြီး အားကျတယ်။ သူတို့ ပရိတ်သတ်လောက်တော့ ကိုယ့်မှာ မရှိဘူးပေါ့၊ ကိုယ့်ပရိတ်သတ်လည်း ကိုယ် အားမရဘူး၊ အားမရဘူးဆိုတာက ကိုယ့်ကိုကိုယ့် အားမရတာပါ။ ဒီထက်ပိုပြီး လုပ်ပြချင်တယ်။ တတ်နိုင်သလောက်တော့ လုပ်ပြတာပေါ့၊ ဒါပေမယ့် ပရိတ်သတ်လက်ထဲကို ပေါက်စီအခွေ မရောက်ဘူးပေါ့.. အရမ်းလည်း မကြော်ငြာလိုက်တဲ့ အတွက်ကြောင့်မို့လို့ ...။ သိစေချင်တယ် ပရိတ်သတ်ကို .. ပေါက်စီ ကြိုးစားထားတာကို၊ တချို့ကတော့ ရုပ်ရှင်မင်းသမီး လုပ်တာဘဲ သိပ်ပြီးအထင်မကြီး ကြဘူးပေါ့နော်။ ရုပ်ရှင်ကနေပြီးတော့ အဆိုတော်လိုင်းကို ကူးတာပဲ .. ဒီတိုင်းဘဲ ဆိုလိုက်တာ ဖြစ်မှာပါဆိုပြီးတော့ပေါ့... ပေါက်စီ အဲလိုဆိုတာ မဟုတ်ပါဘူး.. ခုနက ပြောသလို တစ်နှစ်လုံးလုံး ကြိုးစားပြီးတော့ ဒီသီချင်းအတွက်ပဲ အချိန်တွေအများကြီး ပေးပြီးတော့ လုပ်ထားတာ၊ အဲဒီလို ကြိုးစားထားတာ ကိုလည်း သိစေချင်တယ်။

Q:

တကယ့်ကို prepare လုပ်ပြီးတော့မှ ကူးလာတာ။ သူများဆိုလို့ လိုက်ဆိုတာလဲ မဟုတ်ဘူး၊ ပေါ်ပင်သဘောမျိုး လုပ်တာလဲ မဟုတ်ဘူးပေါ့....

Ans:

ကိုယ့်ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ကိုယ့်ကိုကိုယ် စိတ်ကြိုက်လုပ်ရတဲ့ အရာ တစ်ခုအနေနဲ့ ရွေးတာပါ။

Q:

ပေါက်စီက stage show တွေမှာဆိုရင်လည်း အောက်ကပရိတ်သတ်က ကိုယ့်ရဲ့ သီချင်းတွေလိုက်ဆိုပြီး အားပေးတဲ့ အသံတွေ ကြားရမယ်.. ရုပ်ရှင်မှာဆိုရင်လည်း ရုပ်ရှင်ပရိတ်သတ်တွေရဲ့ ဝေဖန်တဲ့ အသံတွေပြန်ကြားရမယ်။ Model လျှောက်တုံးကလည်း လက်ခုပ်သံတွေ ကြားခဲ့ရမယ်။ အဲဒီထဲမှာ ပေါက်စီ တကယ့်အပျော်ဆုံး လက်ခုပ်သံက ဘယ်ဟာလဲ..၊ ဒါမှမဟုတ် ၃ ခုလုံးကိုဘဲ အမြဲတမ်း လိုချင်နေတာလား။

Ans:

Fashion show လျှောက်တဲ့လက်ခုပ်သံကတော့ ပေါက်စီအတွက် ခဏတာ ပျော်ရွှင်မှုဘဲပေးတာပါ.. ရုပ်ရှင်ရိုက်တာကျတော့ ပရိတ်သတ်က ကိုယ်ရယ်တာလိုက်ရယ်၊ ကိုယ်ငိုတာလိုက်ငိုပေါ့.. အဲဒါတွေအားလုံးကို ပေါက်စီက မသိဘူးပေါ့။ စာလာတာတို့၊ တွေ့မှတို့... တွေ့ရင်တော့ သူတို့တွေ ကိုယ်လုပ်လိုက်တဲ့အတွက် ခံစားရပါလား ဆိုပြီး ပီတိဖြစ်တယ်ပေါ့... ကိုယ်လုပ်လိုက်တဲ့အနုပညာလေးတွေ အရာထင်သွားတာပေါ့.. သူတို့စိတ်ထဲမှာ ..။ အဲဒီအတွက်ကြောင့် ကြည်နူးတယ်။ Stage Show ဆိုတာကျတော့ ရုပ်ရှင် ဘက်ကလာတဲ့ အတွက်ကြောင့် အားငယ်သလိုဘဲ။ Confuse ဖြစ်တယ်။ ကိုယ့်ကို အဆိုတော်တစ်ယောက်လို သဘောထားတာ၊ အားပေးတာ ဆိုရင်တော့ အရမ်းပျော်တယ်.. ကိုယ်ဆိုတဲ့သီချင်းတွေကို လိုက်ခုန်တယ်၊ လိုက်အော်တယ် ပေါက်စီနဲ့ ဆိုပြီးတော့.. အဲဒါမျိုးကျတော့ ဘာနဲ့မှ မလဲနိုင်ဘူး.. အရမ်းပျော်တယ် Live လည်းဖြစ်တာပေါ့နော်.. အားလုံးရဲ့ တုံ့ပြန်မှုကို တခါတည်းနဲ့ ချက်ချင်းရတာ၊ ရုပ်ရှင်ရိုက်တာကျတော့ တစ်ယောက် နှစ်ယောက်နဲ့ တွေ့မှလေ.. Stage Show ကျတော့ လူတွေအကုန်လုံးရဲ့ Feeling တွေ အကုန်လုံးကို ချက်ချင်းရတာ.. သူတို့ရဲ့တုံ့ပြန်မှုအားတွေကို ရလို့ သူတို့အားက ပိုကြီးတယ်။

Q:

ပေါက်စီက အနုပညာလောကထဲမှာ ဂီတ၊ရုပ်ရှင်၊မော်ဒယ်ဆိုတဲ့ ၃ခုလုံး လုပ်ခဲ့ပြီးပြီ၊ တကယ်လို့သာ တစ်ခုခုကိုပဲ ရွေးချက်ခွင့်ရှိမယ်ဆိုရင် ဘယ်ဟာကို ရွေးချယ်မလဲ။

Ans:

တစ်ခုဘဲ ရွေးချယ်ရမယ်ဆိုရင်တော့ သီချင်းဘဲဆိုတော့မယ်..

Q:

အဆိုတော်ပဲ လုပ်တော့မယ်ပေါ့..

Ans:

အဆိုတော်ဘဲ လုပ်တော့မယ်.. အဆိုတော် မလုပ်ရလဲ သီချင်းရေးမယ်.. ဂီတနဲ့ပတ်သတ်တာ.. ကိုယ့်အတွက် ထွက်ပေါက်ရှိမယ့် အနုပညာကို လုပ်ချင် တာပေါ့.. အဲဒီအတွက်ကြောင့်မို့လို့ အဆိုတော်ဘဲ ရွေးဖြစ်ဖို့ များတယ်။

Q:

အဲဒါဆို ပေါက်စီက Instrument တစ်ခုခုလဲ တီးတတ်မှာပေါ့။

Ans:

ဂစ်တာ (Guitar) တီးတယ်

Q:

သီချင်းရော ကိုယ်တိုင် ရေးနေပြီလား ?

Ans:

ဟုတ် - ရေးနေပြီ။

Q:

Second series ကော။

Ans:

ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေ (Own Tune) လေးတွေပေါ့ .. ထည့်ဖို့အစီအစဉ်တော့ရှိတယ်။

Q:

ကိုယ်ရေးထားတဲ့ သီချင်းလေးတွေကို ဘယ်သူတွေကို ဆိုပြပြီးသွားပြီလဲ .. ? အနီးစပ်ဆုံး အမကို ဆိုပြတီးပြလား..? အမေကိုရော ဆိုပြတီးပြလား ..?

Ans:

အငယ်မနဲ့ အမေကိုတော့ ဆိုပြပြီးသွားပြီ.. နောက်သူငယ်ချင်း တစ်ယောက်ကိုလည်း ဆိုပြပြီးသွားပြီ၊ နောက် မခင်ဘုဏ်း တို့နဲ့ဆုံရင်လည်း ကိုယ်ရေးထားတဲ့ သီချင်းတွေ ဖလှယ်ပြီးတော့ ဆိုကြတယ်.. ကိုယ့်ခံစားချက် အတိုင်း ရေးထားတာတွေပေါ့

Q:

ဒါဆို ပေါက်စီက သီချင်းတိုတဲ့ အဆိုတော်ဘ၀ကို ပိုပြီး ခုံမင်တယ်ပေါ့

Ans:

ဟုတ်။

Q:

ပေါက်စီအနေနဲ့ အောင်မြင်မှုဆိုတာကို ဘာနဲ့ တိုင်းတာလဲ ? အောင်မြင်မှု ဆိုတာကိုရော ဘယ်လိုမြင်လဲ..

Ans:

အောင်မြင်မှု ဆိုတာတော့ ပေါက်စီအတွက် ကျတော့ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရရင် ကိုယ့်အတွက် အောင်မြင်မှုပဲ ဥပမာ ထားပါတော့ ပေါက်စီ သီချင်းရေးချင်လို့ ရေးလိုက်ရင် သီချင်းဆုံးသွားရင် ပေါက်စီအတွက် အောင်မြင်မှုပဲ။ ဒါသူများနဲ့ မဆိုင်ဘူး.. ကိုယ့်ရဲ့ space လေးမှာ ကိုယ့်နေရာလေးမှာ ကိုယ်ကိုယ်တိုင် ကျေနပ်တဲ့အတွက် ကိုယ့်ရဲ့ အောင်မြင်မှု ဒါပေမယ့် အားလုံးအနေနဲ့ တိုင်းတာမယ်ဆိုရင် လူသိမှ၊ Popularဖြစ်မှ၊ အားလုံးက လက်ခံမှ ပရိတ်သတ်ကြိုက်မှ အောင်မြင်တယ်လို့ သဘောထား ကြတယ် အားလုံးအနေနဲ့ ယှဉ်လိုက်ရင် အဲဒီဟာမှ အောင်မြင်မှု၊ ကိုယ့်အနေနဲ့ဆိုရင် ပေါက်စီလုပ်ချင်တာ တစ်ခု လုပ်လိုက်ရရင် ပေါက်စီအတွက် အောင်မြင်မှုလို့ သတ်မှတ်တယ်။ အဲဒီနှစ်ခုမှာ ကိုယ်လုပ်ချင်တာ လုပ်တာနဲ့ ပရိတ်သတ် ကြိုက်သွားတာနဲ့ အဲဒီနှစ်ခုတွေ့သွားရင် အဲဒါက ပိုပြီးကြီးမားတဲ့ အောင်မြင်မှုလို့ ပေါက်စီ ထင်ပါတယ်။

Q:

ကိုယ်နောက်ဆုံးအနေနဲ့ မေးချင်တာက ပေါက်စီအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်အလုပ်တွေလုပ်မယ်၊ ဘာတွေလုပ်မယ်၊ ဘယ်လိုပရိတ်သတ်တွေကို ပေးဆပ် သွားမယ်ဆိုတာလေး ပြောပေးပါအုံး ..

Ans:

ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတော့ ပေါက်စီ ရုပ်ရှင်လဲ ရိုက်မယ်၊ ဒါကတော့ ကိုယ်လုပ်နေကျ အလုပ်ဆိုတော့လေ၊ ဒါပေမယ့် ပေါက်စီ ဒီထက်ပိုပြီးတော့ အရည်သွေး ကောင်းတာလေးတွေ၊ အစတုန်းကဆိုရင် ပေါက်စီ အသေအချာ မလုပ်ဘူးလားဆိုရင် လုပ်ပါ တယ်၊ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ တစ်ခုထက်တစ်ခု ပိုပိုပြီး အားလုံးအတွက် တန်ဖိုးရှိတဲ့အရာလေးတွေ ပိုကောင်းတာလေးတွေကိုဘဲ ပရိတ်သတ် လက်ထဲကို ရောက် စေချင်တယ်၊ အဲဒါကြောင့် ပေါက်စီ အသေချာ စိစစ်ပြီးတော့ သီချင်းဆိုလည်း သီချင်းလေး မို့လို့၊ ရုပ်ရှင်ဆိုလည်း ဒီကားလေး အတွက် ကြိုတင်ပြီးတော့ စိတ်ပါမှ ပေါက်စီတကယ့်ကို ကောင်းကောင်း လုပ်နိုင်မှရိုက်တယ်၊ အစကတော့ အကုန်လျှောက်ရိုက် နေတာပေါ့နော်၊ နောက်ပိုင်းကျတော့ ပေါက်စီ ၅ကားလောက်ကို အဲဒီလို လျှောက်ရိုက် နေမယ့်အစား တစ်ကားလောက်ကို ကောင်းကောင်းကြိုးစား သရုပ်ဆောင်ပြီး ပရိတ်သတ်လက်ထဲ တန်ဖိုးရှိတဲ့ အရာလေးတွေပဲ ပေးဖို့ ဆုံးဖြတ်ထားပါတယ်..

Q:

ကိုယ့်ကို ဒီနေ့အချိန်ပေးပြီး ပြောပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..

Ans:

ပေါက်စီကလည်း ထမင်းကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..

...

1 comment:

Fortune Garden restaurant .co.Ltd said...

ညီမလေးကအပြင်မှာထက်ပိုလှတယ်နော်