Saturday, September 8, 2007

ပရိသတ်သတ်အတွက် စံပြဖြစ်လိုသူ (ပုလဲဝင်းနှင့်တွေ့ဆုံခြင်း)


ကိုယ်ဖြတ်သန်းကြိုးစားခဲ့တာလေးကို အမြဲမပြတ်ပြန်ကြည့်တတ်သလို ကိုယ်နေရာလေးကိုအခြေခိုင်အောင်လည်း ကြိုးစားတယ်။ ဒီလောကကို ချက်ချင်းခင် ချက်ချင်းဖြစ်လာတဲ့သူတွေနဲ့စာရင် သင်ခဲ့ရတာတွေက အများကြီးပဲ။ သရုပ်ဆောင်ကြီးတွေ တော်တော်များများက ဘာသာရေးကို အလေးထားလုပ်ကြတာတွေ့ရတယ်။ သူတို့ရဲ့ဘာသာရေး အယူအဆတွေကို မဂ္ဂဇင်း၊ ဂျာနယ်တွေမှာဖတ်ရတော့ အားကျတာလည်းပါတယ်။ တစ်ခုကံကောင်းတာက ပုလဲကသရုပ်ဆောင်ဖြစ်နေတဲ့အတွက် ဒီကရတဲ့ လုပ်အားခအလှူငွေတွေကို ဒီအသက်အရွယ်နဲ့အများကြီး လှူနိုင်တန်းနိုင်တယ်။ပုလဲဝင်းကို အခုနောက်ပိုင်းဂျာနယ်၊ မဂ္ဂဇင်း စာမျက်နှာများထက်အနုပညာအရေးကိစ္စသာမက ဘာသာရေး၊ လူမှုရေး၊ လှူရေးတန်းရေးပါ မကြာခဏမြင်တွေ့ နေခဲ့ရပါတယ်။ အနုပညာသည်တစ်ယောက် အတွက် ပရိသတ်ရင်မှာ ရှည်ကြာတည်တံ့မြဲမြံစွာရှိနေ ဖို့ဆိုတာလွယ် လင့်တကူတော့ မရနိုင်ပါဘူး။ ပရိသတ်ရဲ့ချစ်ခင်လေးစားမှုကော ဒါ့ပြင်ပရိသတ်ရဲ့ ယုံကြည်မှုနဲ့စံပြဖြစ်နေဖို့တွေလည်း လိုအပ်ပါတယ်။ အနုပညာအရည်အသွေး တွေသာမက ဘာသာရေးနဲ့ ပတ်သက်တဲ့အသိများပါတိုးပွား များပြားလာတဲ့ ပုလဲဝင်းကအနုပညာခရီးလမ်းမှာရင့်ကျက် တည်ငြိမ်စွာလျှောက်လှမ်းနိုင်ခဲ့ပြီ။ ပုလဲဝင်းရဲ့ခြေလှမ်းတိုင်းမှာ သတိနဲ့အသိများစွာ ကပ်လျက်ပါဝင်နေတယ်ဆိုတာ သူ့စကားတွေက တစ်ဆင့်သိခွင့်ရသည်။ ပုလဲဝင်းရဲ့ အသိတချို့ ပရိသတ်ကို ဝေမျှဖို့ လိုအပ်သည်ဟုယူဆလျက်။

*ပုလဲဝင်းက ဘာသာရေးနဲ့ပတ်သက်ပြီး အများကြီးလုပ်ဖြစ်လာတယ်။ အခုလိုဖြစ်တာဟာ အောင်မြင်မှုနဲ့ စပ်ဆိုင်ပတ်သတ်တဲ့အတွက်လား။ ဒါမှမဟုတ်..ပုလဲကိုယ်၌က သက်ဝင်ယုံကြည်မှု အားကောင်းလာတဲ့ အတွက်လား။

x တကယ်တမ်းပြောရရင် လှူချင်တန်းချင် စိတ်က ဟိုးငယ်ငယ်ကတည်းကရှိခဲ့တယ်။ မှတ်မှတ်ရရ(၇) တန်း လောက်တုန်းက ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့လိုက်သွားရတာ အရမ်းနှစ်ခြိုက်ခဲ့တယ်။ ကလေးဆိုတော့မသိခဲ့ဘူး။ ဘုရားရိပ် တရားရိပ်ရောက်တဲ့အခါ အရမ်းအေးချမ်းတာလေးသတိထားမိတယ်။ သရုပ်ဆောင်လောကထဲရောက်လာမှ ဘာသာရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုပိုခဲ့တာအမှန်ပဲ။ သာမန်ကျောင်းသူ တစ်ယောက်၊ စီးပွားရေးသမားတစ်ယောက်ပဲဆိုရင်တော့ ရတဲ့ငွေကြေးကခုလောက်အထိ လှူနိုင်မယ်မထင်ဘူး။ ကိုယ်ရတဲ့ ဝင်ငွေနဲ့တတ်အားသရွေ့ပဲ လှူနိုင်မှာလေ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အများကြီးလှူဒါန်းနိုင်သလို ဒီအလှူကိုပရိသတ်သိအောင် သာဓုခေါ်အမျှယူနိုင်အောင် လုပ်ခွင့်ရှိလာတယ်။ အဓိက ကတော့လှူတယ်ဆိုတာက ကိုယ့်အလှူဖြစ်သလို ပရိသတ်ရဲ့အလှူလည်းဖြစ်ပါတယ်။ ပရိသတ်အားပေးမှုကြောင့် သရုပ်ဆောင် ခွင့်ရတယ်။ ရတဲ့ သရုပ်ဆောင်အခကြေးငွေနဲ့ ကိုယ်ကပြန်ပြီးလှူဒါန်းနိုင်တယ်။ လှူရတာဟာပိုပြီး အကျိုးရှိပါတယ်။ အပြင်လူအနေနဲ့ဆိုရင် အများလှူနိုင်အောင် နိဗ္ဗာန်ဆော်လုပ်ပေး သလိုပေါ့။ ကိုယ်က သရုပ်ဆောင်ဖြစ် နေတဲ့အတွက် လှူတန်းတဲ့အခါ နိဗ္ဗာန်ဆော်လုပ်ပေးသလိုလည်း အကျိုးသက်ရောက်ပါတယ်။



*အောင်မြင်မှုရရှိပြီးသွားတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုကိုကိုယ့်ဆီမှာ မြဲမြံအောင်ထိန်းသိမ်း ရတာဟာ ပိုပြီးခက်ခဲတဲ့အပိုင်းကို ဖြတ်ကျော်တာလို့ ပြောရင်ရမလား။

x အင်း.. အရင်ကထက်စာရင်စိတ်ပိုပင်ပန်းတယ်လို့ ပြောလို့ရပါတယ်။ ဘာမှ မဖြစ်ခင်ကတော့ အရမ်းကြိုးစားခဲ့ရတယ်။ ဖြစ်ချင်တဲ့စိတ်တွေနဲ့ အချိန်တွေအများကြီးပေးရတယ်။ ခုချိန်ကတော့ အတော်လေးသက်သာတယ်လို့ ပြောရမှာပါ။



*ပုလဲဝင်းတို့ဆုရွှန်းလဲ့တို့ရဲ့ အင်တာဗျူးတချို့မှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ခရီးကြမ်းနဲ့နှိုင်းဆပြီးဒီအလုပ်ကို မပင်မပန်းအလွယ်တကူလျှောက် လှမ်းလုပ်ကိုင်နေသူတွေကိုကြည့်ပြီး ရင်နာတယ်ဆိုတဲ့ ခံစားမှုမျိုးလေးတွေ တွေ့တွေ့နေရတယ်။

x ပုလဲဝင်းတို့တုန်းက အသစ်တွေကို လက်ခံဖို့ အရမ်းနည်းတယ်။ ခုခေတ်မှာကပရိသတ်တွေက အသစ်အသစ်ကို တောင်းဆိုလာကြသလို အားလုံးကအသစ်တွေကိုလက်တွဲခေါ်ယူနေကြတာလေ။ အသစ်ကိုအရမ်း အားပေးတာ တွေ့ရတယ်။ ပုလဲတို့ဆိုရင် ဒီအလုပ်စပြီး နှစ်နှစ်သုံးနှစ်ကြာမှ လက်ခံလာကြတာ။ အခုအသစ်တွေဆိုရင် လပိုင်းလောက်နဲ့ လက်ခံလာတာ ပေါက်လာတာတွေ့ရတယ်။ မိဆုနဲ့ပြောဖြစ်နေကြတယ်ဆိုတာကလည်း ကိုယ်တွေကြိုးစားလာခဲ့ ရတာကို သိစေချင်တဲ့ဆန္ဒနဲ့ပါပဲ။ ပုလဲတို့အခြေအနေက အခုဖြစ်နေတဲ့ အသစ်တွေနဲ့ မရှေးမနှောင်းလိုမျိုးဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်တွေက နှစ်ကာလချီပြီး အရမ်းကိုကြိုးစားခဲ့ကြ ရတာ။ ဒါကိုပရိသတ် သိအောင်ပြောပြတဲ့သဘောမျိုးပါပဲ။



*တချို့အကြောင်းအရာတွေက ခက်ခက်ခဲခဲရယူမှ တန်ဖိုးရှိတတ်တာလေ။

x ဟုတ်တယ်။ အဲလိုပဲ ခံယူထားပါတယ်။ လူဆိုတာလွယ်လွယ်ရရင် လွယ်လွယ်ပဲသဘောထားတတ်ကြသလို တန်ဖိုးလည်း မထားကြတော့ဘူးလေ။ ပုလဲတို့မှာက ဒီသရုပ်ဆောင်အလုပ်လုပ်ရဖို့ အောက်ခြေကနေ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့အပြင် ခုချိန်ထိလည်းကြိုးစားနေရဆဲလေ။ လူမှုပေါင်းသင်းဆက်ဆံရေးကအစ သရုပ်ဆောင်မှု အနုပညာရောပေါ့။ ဇာတ်ပို့နေရာကလည်း အများကြီးရိုက်ဖူးတယ်။ ဖြတ်လျှောက်အနေနဲ့လည်း အများကြီးရိုက်ခဲ့ဖူးတယ်။ တစ်ဆင့်ပြီး တစ်ဆင့်တက်လာရတာ။ ပြီးတော့မှ ခေါင်းဆောင်အနေနဲ့ ရိုက်ခဲ့ရတယ်။



*ကိုယ်ခက်ခက်ခဲခဲ လျှောက်လှမ်းဖြတ်သန်းလာခဲ့တဲ့ အနုပညာအပေါ် တန်ဖိုးမထားဘဲ ဒါကလွယ်လွယ်လေးပါလို့ သတ်မှတ်သူတွေနဲ့ တွေ့တဲ့အခါ..

x အချိန်ကစကားပြောသွားပါလိမ့်မယ်။ သူတို့တွေငယ်သေးတာလည်း ပါတယ်ပေါ့နော်။ လွယ်လွယ်နဲ့ဝင်လာရတဲ့အတွက် ဒီလိုပဲထင်ကြတာဖြစ်ပါလိမ့်မယ်။ တကယ်တမ်းကျတော့ အချိန်ကာလအလိုက် တန်ဖိုးတွေကအများ ကြီးကွာလာပါ လိမ့်မယ်။



*သရုပ်ဆောင်တစ်ယောက်အတွက် ပရိသတ်ရုင်မှာ ခိုင်မာဖို့ ဘာတွေလိုအပ်မယ်ထင်လဲ။

x အဓိက ကတော့ ပရိသတ်အတွက် စံပြဖြစ်နေသင့်တယ်။ စံပြဆိုတဲ့ နေရာမှာ ကိုယ်ကျင့်တရားအရရော၊ နေထိုင်မှုအရရော၊ လူချစ်၊ လူခင်များတာ ဘာသာတရားကိုင်းရှိုင်းတာအထိ ပရိသတ်အတုယူရတဲ့ စံပြဖြစ်နေမယ်ဆိုရင် ကောင်းပါတယ်။ အင်ဂျာလီနာဂျိုလီဆိုရင် သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကဟောလီဝုဒ် အတိုင်းအတာနဲ့ဆိုရင်နည်းပါတယ်။ ဒါပေမယ့် သူက လူမှုရေးနဲ့ ပတ်သက်ရင်ပရိသတ်ရင်ထဲမှာ စံပြဖြစ်နေတဲ့အတွက် ပရိသတ်ရင်မှာ အမြဲတမ်းစွဲထင် ကျန်ရစ်နေတယ်။ လူမှုရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုအရ စံပြဖြစ်မယ်ဆိုရင် ပရိသတ်ရင်ထဲမှာ မှန်ကန်ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ပုံရိပ်ထင် စွဲကျန်ရစ်မှာပါ။



*ပုလဲဝင်းက အင်ဂျလီနာဂျိုလီကို သဘောကျလား။

x အားကျတယ်။ သူက ရဲရင့်ပြတ်သားတယ်။ လူဖြူတစ်ယောက်အနေနဲ့ လူမည်းကလေးတစ်ယောက် မွေးစားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် သူက သားအရင်းတမျှချစ်ခြင်းမေတ္တာထားနိုင်ခဲ့တယ်။ ကိုယ်အနေနဲ့ဆိုရင် သူ့လောက်ကြီးစဉ်းစားမိမှာမဟုတ်ဘူး။ တကယ်လိုအပ်နေသူတွေကို ကူညီချင်စိတ်ရှိရင်တောင်မှ ကိုယ့်သား၊ သမီးအနေနဲ့မွေးစားဖို့ဆိုရင်တော်တော်လေး သတ္တိ မွေးရပါဦးမယ်။ xxxxxxxxxxxxxxxxxxx


ပရိသတ်ချစ်ခင်အားကျအတုယူရတဲ့ အနုပညာသည်တွေဟာလည်း လူထဲကသာမန်လူသားတွေပါ။ ခံစားတတ်တဲ့ နှလုံးသားကိုယ်စီနဲ့ သာမန်လူတစ်ယောက်ရဲ့ လွတ်လပ်ခြင်းအရသာ တွေကိုလည်း တောင့်တမိကြမှာပါပဲ။ ဆုံးရှုံးသွားတဲ့ ခံစားမှုတွေ၊ လွတ်လပ်ခွင့်တွေ အကြောင်းမပြောဆိုပဲ ပရိသတ်အတွက်စံပြုထိုင်သူ အတုယူအားကျသင့်သူတစ်ဦး သာဖြစ်ချင်တဲ့ပုလဲဝင်းကို ပုလဲဝင်းရဲ့ အနုပညာခြေလှမ်းတွေကို စောင့်မျှော်ရင်း…..။

Ref: Phatpa.com





No comments: