Friday, September 14, 2007

ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း


၁၉၉၀ ကျော်တစ်ဝိုက်က ဖြစ်သည်။ “မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့အလျင်” စာသားနဲ့အတူ ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း စီးရီးထွက်လာသည်။ လူငယ်ပရိသတ်ကြားမှာ ရေပန်းစားထင်ရှားခဲ့သည်။ ပြင်းထန်တဲ့ Rock ဂီတမှာ စူးရှလေးနက်သော ကဗျာများကို လူငယ်ထုရဲ့ နှလုံးသား နံရံကို တိုက်စားသွားသည်။ ဟယ်ရီလင်းရဲ့ Show Performance လည်း ကြောက်ဘွယ်လိလိ ပရိသတ်ကို ဖမ်းစားနိုင်သည်။ တေးရေးဆရာတွေကလည်း ၀င်းမင်းထွေး၊ သော်ဒီဝေ၊ ကိုဇော်မျိုးထွန်းရဲ့ T4 တေးဂီတနဲ့ တေးဥယျာဉ်မှာ အသံဖမ်းယူခဲ့ခြင်း ဖြစ်သည်။ ကာဗာ၊ ဒီဆိုင်း၊ ဝေါရှိက တမူ ထူးခြား သည်။ ဒီဇိုင်းဆရာက ကွယ်လွန်သူ မန္တလေးသား မောင်ကောင်းဖြစ်သည်။ မူပိုင်ထုတ်လုပ်သူက METAL ZONE ကိုဇော်ဝင်းရဲ့ညီ ကိုအောင်ဝင်းဖြစ်သည်။ ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း စီးရီးခွေက ဟယ်ရီလင်းကို ဂီတစင်မြင့်ပေါ် ရောက်စေခဲ့သည်။ အခုနောက်ဆုံးထွက်ခဲ့သည့် နောက်လူမြည်းရင် ချိုပါစေ စီးရီးထိ ပရိသတ်အခိုင်အမာ ရှိနေဆဲ.. ကျန်းမာရေးအရ ခေတ္တ အနားယူနေရာမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့ ဟယ်ရီလင်းကို တွေ့ဆုံမေးမြန်း တင်ဆက် လိုက်ပါတယ်။

Q:

ဟယ်ရီလင်း အခုလောလောဆယ် ဘာတွေ လုပ်နေပါသလဲ။

Ans:

လောလောဆယ် သေမှာကြောက်လို့ ဘုရားတရားအလုပ်ကို လုပ်နေပါတယ်။

Q:

ကျန်းမာရေးကော ကောင်းသွားပြီလား။

Ans:

ကောင်းသွားပါပြီ။ ခုနက စကားအဆက်နဲ့ ပြောရရင် ဘုရားတရားလုပ်ဖို့ နမူနာပေးသွားတာပါပဲ။

Q:

“မီးသင့်မြေမှ အငွေ့အသက်များ” စီးရီးနဲ့ “ကြိုက်သလို နေနိုင်တယ်” စီးရီးနှစ်ခွေ ဘာကြောင့် မထွက်ဖြစ်တာလဲ။

Ans:

အနှစ်ချုပ် ပြောရမယ်ဆိုရင် လုပ်ငန်း မကျွမ်းကျင်တာရယ်၊ ငွေကြေးအင်အား ချို့တဲ့တာရယ် ပြီးတော့ ရန်သူမျိုး ၅ ပါးလည်း ပါတာပေါ့။

Q:

အဲဒီခွေတုန်းက မူပိုင်ထုတ်လုပ်သူက ဘယ်သူလဲ။

Ans:

မူပိုင်စီစဉ်ထုတ်လုပ်သူ အနေနဲ့ ဒီနေ့ခေတ်လို သီးသန့်ကြီးမရှိပါဘူး။ တတ်နိုင်တဲ့ အပေါင်းအသင်းတွေရဲ့ စေတနာနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ပထမစီးရီး မီးသင့်မြေမှ အငွေ့အသက်များက အေဒင်ကိုဌေးလှိုင်၊ ကြိုက်သလို နေနိုင်တယ် စီးရီးက ကိုသော်ဒီဝေ၊ ပထမခွေက LYNN မှာ အသံသွင်းတယ် ဒုတိယခွေက အိုအေစစ်စတူဒီယိုမှာ အသံသွင်းပါတယ်။

Q:

သော်ဒီဝေ၊ လေးဖြူ၊ ပီလွန်တို့ နဲ့ တွဲပြီး လှုပ်ရှားဖြစ်ပုံကို ပြောပြပါလား။

Ans:

ကြိုက်သလိုနေနိုင်တယ် စီးရီးမှာ သော်ဒီဝေ၊ လေးဖြူ၊ ပီလွန်တို့ နဲ့ တွဲပြီး လှုပ်ရှားဖြစ်ခဲ့တာပါ။

Q:

ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း စီးရီးလုပ်ဖြစ်ပုံကို သိပါရစေ။

Ans:

လုပ်ဖြစ်သွားတာကတော့ စေတနာနဲ့ မေတ္တာပါ ဖြစ်စေချင်တဲ့ လူတွေရဲ့ ၀ိုင်းဝန်းပံ့ပိုး ကူညီမှုကြောင့် ဖြစ်သွားတာပါ။ အဓိကကတော့ ကိုအောင်ဝင်းပေါ့။

Q:

Live Show ခွေတွေ ဘာကြောင့် မဆိုဖြစ်တာလဲ။

Ans:

အဲဒီအဖြေကို တွေ့သမျှလူတွေကို လိုက်မေးချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိချင်တယ်။

Q:

လေးဖြူနဲ့ အလုပ်တွဲလုပ်ဖို့ အစီအစဉ်ရှိပါသလား။

Ans:

အလုပ်တွဲလုပ်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ သူက ကျွန်တော် အကူအညီ လိုတဲ့အချိန် အချိန်မရွေး ပြောပါလို့ ပြောထားပါတယ်။

Q:

တန်ဖိုးများနဲ့ ပေးဆပ်ခြင်း နောက်ဘာခွေလုပ်ဖြစ်ပါသလဲ။

Ans:

တန်ဖိုးများနဲ့ ပေးဆပ်ခြင်း နောက်မှာ မင်းမင်းလတ်ကြီးရဲ့ သီချင်းတွေဖြစ်တဲ့ “နောက်လူမြည်းရင် ချိုပါစေ” ခွေလုပ်ဖြစ် ပါတယ်။ လူတော်တော်များများ မသိလိုက်ကြပါဘူး။

Q:

ဒီနေ့ ဂီတဈေးကွက်အခြေအနေ

Ans:

ထွက်နေတဲ့ အသံတွေအရ ခိုးကူးခွေတွေ များနေတဲ့ အတွက်ကြောင့်မို့ ဂီတဈေးကွက်ထက် သူခိုးဈေးကွက်ကို လိုက်လေ့လာနေပါတယ်။

Q:

အနာဂတ်ဗိမ္မာန်ကို နှစ်ပုဒ်တည်း စီးရီးခွေ ထပ်လုပ်ဖို့ အစီအစဉ်ရှိပါသလား။

Ans:

ခေတ်ကွာတယ်လို့ ပြောရမှာပါ။ အဲဒီခွေထွက်တဲ့ အချိန်နဲ့ အခုချိန် နှိုင်းယှဉ်ကြည့် ပေါ့ဗျာ။

Q:

Rock ဂီတပြီးရင် အခြား ဘယ်အမျိုးအစား ဂီတကို ကြိုက်ပါသေးလဲ။

Ans:

ကျွန်တော် အခုချိန်မှာ ခံစားလို့ရနေတာက Rock မဟုတ်ပဲ မြန်မာသံတွေ ၊ ဇာတ်ထုပ်တွေကို စိတ်ဝင်တစား နားထောင် နေပါတယ်။

Q:

ဟယ်ရီလင်းက ပရိသတ်ကို ပြောချင်တဲ့စကား

Ans:

ဟယ်ရီလင်းက ရပ်ချင်လို့ ရပ်နေတာ မဟုတ်ပါဘူး။ ရပ်ခိုင်းထားလို့ ရပ်နေတာပါ။

No comments: