Saturday, September 8, 2007

Interview with နန်းဆုရတီစိုး


‘‘ Interview with နန်းဆုရတီစိုး ’’
Q:

နန်းဆုရဲ့ အိပ်မက်တွေကရော အနုပညာအလုပ်တွေ လုပ်မယ်ဆိုတဲ့ အိမ်မက်တွေပဲလား

Ans:

အဲလိုတော့မရှိဘူး။ ငယ်ငယ်တုန်းကတော့ စာပဲကျက်မယ်။ စာပဲလုပ်မယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတစ်ခုခုလုပ်မယ်....ဒါမှမဟုတ်ရင်လည်း အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် လုပ်မယ်ဆိုတဲ့ အိပ်မက်တော့ ရှိခဲ့ဘူးတယ်။ အနုပညာကတော့ မမျှော်လင့်ပဲ ရခဲ့တာပေါ့နော်...........

Q:

အနုပညာအလုပ်တွေ လုပ်တော့မယ်ဆိုတဲ့ အချိန်မှာ နန်းဆုအနေနဲ့ Music ပိုင်းရော သရုပ်ဆောင်ပိုင်းမှာရော ဘယ်လိုမျိုးတွေ လေ့လာဖြစ်ခဲ့လဲ။ ကိုယ့်အားကျ ခဲ့ရတာတွေ ရှိလား။

Ans:

နန်းဆုကလုပ်တဲ့ အလုပ်တွေကများတဲ့အခါကျတော့ သပ်သပ်ကြီးလေ့လာဖို့ အချိန်ဆိုတာ မပေးနိုင်ခဲ့ဘူးလေ..ငယ်ငယ်တုန်းကလည်း စာမှစာလုပ်ခဲ့တာဆိုတော့ ရုပ်ရှင်တွေဘာတွေ သိပ်မကြည့်ဖြစ်ခဲ့ဘူး။ သီချင်းတွေလည်း သိပ်နားမထောင် ဖြစ်ခဲ့ဘူးပေါ့နော်။ ဒါပေမယ့် အခုအနုပညာ အလုပ်တွေ လုပ်တဲ့အခါမှာတော့ အလျင်းသင့်ရင် သင့်သလို ကြုံရင်ကြုံသလိုတော့ လေ့လာဖြစ်ပါတယ်။ ဥပမာ Internet ကြည့်တာတို့ .......နိုင်ငံခြားလိုင်းတွေ ကြည့်တာတို့............... Fashion line တွေ ကြည့်တာတို့ဘာတို့ တော့ကြည့်ဖြစ်တယ်။ ခေတ်ရေစီးကြောင်းနဲ့တော့ မျက်ခြေမပြတ် ရှိနေတယ်။ ခေတ်ရေစီးကြောင်းကို သိတယ်...ခေတ်အမြင်တော့ ရှိနေတယ်ပေါ့။ ဘာနဲ့မှ လဲလို့မရတာတော့ အတွေ့အကြုံတွေပဲပေါ့.... ကိုယ်လုပ်ရင်းလုပ်ရင်း အလုပ်ကနေရတဲ့ အတွေ့အကြုံ တွေပေါ့။ အဲဒါကလည်း အနုပညာဝမ်းစာပဲလေ။ ပြီးတော့ ဒါရိုက်တာတွေဆီကလည်း သင်ယူလေ့လာလို့ရတယ်။ အနုပညာနဲ့ ပတ်သတ်လို့တော့ အဲလောက်ပဲ လေ့လာဖြစ်ပါတယ်။

Q:

နန်းဆု ဒီအနုပညာ အလုပ်တွေ လုပ်ဖြစ်ခဲ့တာကရော ကိုယ်တိုင် ၀ါသနာပါလို့ လုပ်ဖြစ်ခဲ့တာလား....... နောက်ကနေ တွန်းအားပေးလို့ လုပ်ဖြစ်ခဲ့တာလား..............

Ans:

ဒီအလုပ်တွေကကျတော့ ငယ်ငယ်ကတည်းကတော့ ရင်ထဲမှာ အနုပညာနဲ့ ပတ်သတ်ပြီး ကိန်းအောင်း နေခဲ့တာပေါ့။ ဒါပေမယ့် အဲဒီဟာ ကိန်းအောင်း နေတယ်ဆိုတာ ကိုယ့်ဟာကိုယ်လည်း မသိခဲ့ဘူး. အရင်တုန်းကတော့ စာကျက်ဖို့လောက်ပဲ ရှိတယ်။ အတန်းထဲမှာ အဆင့် (၁) ရဖို့ပဲလုံးပမ်းနေတဲ့ အခါကျတော့ အနုပညာ ၀ါသနာပါတယ်ဆိုတာ ကိုယ့်ဟာကိုယ် မသိခဲ့ဘူး။ ဒါပေမယ့် အနပညာကို စလုပ် ဖြစ်တဲ့ နောက်ပိုင်းမှာတော့ နန်းဆုလုပ်ရင်း လုပ်ရင်းနဲ့ ကိုယ်ဟာကိုယ် ၀ါသနာပါလာတယ် ဆိုတာကို သိလာတာ......

Q:

နန်းဆုပထမဆုံး အနုပညာ လောကထဲကို စ၀င်လာတဲ့ ခြေလှမ်းကရော...

Ans:

ပထမဦးဆုံး စ၀င်တာကတော့ နန်းဆုဒီလောကကို မမျှော်လင့်ပဲနဲ့ ရောက်လာတာပေါ့နော်.... ၁၀ တန်းကျောင်းသူဘ၀က KoKo Beauty Saloon မှာ ခေါင်းသွားလျှော်ရင်းနဲ့ Bio Soft ကလူတွေက တွေ့သွား ပြီး Bio Soft Shampoo ကြော်ငြာ စရိုက်ရင်းနဲ့ ဒီလောကထဲကို စရောက်လာတာ... ဆံပင် အရမ်းလှတဲ့အတွက် သူတို့ကြော်ငြာမှာ အသုံးပြုချင်တယ် ကူညီပါအုံး.....ဆိုတော့ ဦးကိုကိုက တဆင့်ပြောတာနဲ့ အဲဒီကြော်ငြာ စရိုက်ဖြစ်သွားတာ။ အဲဒီကနေစပြီး အနုပညာလောကထဲ စရောက်လာတာပါ။

Q:

အဆိုတော်အလုပ်နဲ့ သရုပ်ဆောင် အလုပ်ကို တွဲလုပ်တယ်ဆိုတော့ အဲဒီအပေါ်မှာ နန်းဆုရဲ့ ရင်ခုန်သံက ဘယ်လိုရှိလဲ...

Ans:

ရင်ခုန်သံက ငယ်ငယ်ကတည်းကတော့ သီးချင်းဆိုတယ်...သီချင်းဆိုတာကို ၀ါသနာပါတယ်။ အမြဲတမ်းလည်း ဆိုဖြစ်တယ်။ အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ် မြန်မာသီချင်းပဲဖြစ်ဖြစ် ငယ်ငယ်ကဆို Karaoke ဆိုနေတာပေါ့နော်.. ဒါပေမယ့် တကယ်တမ်း ဖြစ်လာတာကြတော့ သရုပ်ဆောင်ကတော့ မမျှော်လင့်ပဲ အရင်ဆုံးဖြစ်လာခဲ့တာပေါ့။ ပြီးတော့မှ အဆိုကလည်း တိုက်ဆိုင်မှုရှိသွားတယ်... အခွင့်အရေးရှိ တဲ့အတွက် အဆိုလည်း ထပ်လုပ်ဖြစ်တယ်။ ၂ ခုစလုံးကလည်း အနုပညာပဲလေ။ အဲဒီတော့ ၂ ခုစလုံးကို ၀ါသနာလည်းပါတယ်။ ၂ ခုစလုံးကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်တယ်။ အဲဒီ ၂ခု မတူညီတာ ဘာလဲဆိုတော့ အဆိုကျတော့ သိပ် Heavy မဖြစ်ဘူးပေါ့...ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖန်တီးခွင့် ရှိတယ်။ အချိန်လည်း သိပ်မပေးရဘူးး။ ဒါပေမယ့် တစ်ခုရှိတာက ရှုတင် တွေဘာတွေနဲ့ဆိုတော့ အလုပ်၂ ခုလုပ်ရတဲ့အခါကျတော့ Studio Date ကတော့ ညဘက်မှ ပေးနိုင်တဲ့အတွက် ကိုယ်ကနည်းနည်းတော့ အပင်ပန်းခံရတာပေါ့နော်။ အဆိုအတွက်ကတော့ အဲဒီလောက်ပဲ ရုပ်ရှင် သရုပ်ဆောင်ကျတော့ Prepare လုပ်တဲ့အချိန်ကလဲများတာပေါ့......... အ၀တ်အစားတို့ Fashion Design တို့ Prepare လုပ်ရတာ များတယ်။ ပြီးတော့ Video ရိုက်တဲ့ အခါကျတော့ character တစ်ခုကို ၀င်သွားအောင် ကိုယ့်ဘက်က ကြိုးစားရတယ်။ အဲဒီတော့ Action ပိုင်းပဲဖြစ်ဖြစ် အ၀တ်အစား ပိုင်းပဲဖြစ်ဖြစ် Prepare လုပ်ရတာ များတယ်။ ရိုက်ရက်ကလည်း များများပေးရတယ်။ ဒါပေမယ့် ကြော်ငြာ ဆိုရင်တော့ အဲဒီလောက် မပေးရဘူး........သီချင်းနဲ့ပဲ သရုပ်ဆောင်ရတာလေ။ သီချင်းနဲ့လိုက်ဖက်အောင် အ၀တ်အစားတွေ စီစဉ်ရတာရှိတယ်...... ပြီးလို့ရှိရင် ကုန်ပစ္စည်းနဲ့ လိုက်ဖက်အောင် အ၀တ်အစားတွေ စီစဉ်ရတာရှိတယ်။ ပြီးလို့ရှိရင် ကုန်ပစ္စည်း ပေါ်လွင်အောင် ပရိသတ်သိအောင် လုပ်ပေးရတာဆိုတော့ အဲဒီလောက်ကြီး Heavy မဖြစ်ဘူးပေါ့ ... ပေါ့ပေါ့ပါးပါးပဲပေါ့။ အဲဒါကတော့ သရုပ်ဆောင်နဲ့ အဆိုနဲ့ ကွာခြားချက်ပေါ့။ ဒါပေမယ့် ၂ ခုစလုံးကတော့ နန်းဆု ၀ါသနာ ပါနေတဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဖန်တီးတင်ပြမယ် ......အပင်ပန်းခံမယ်ပေါ့နော်။

Q:

နန်းဆု Bio Soft Shampoo နောက်ပိုင်းမှာ ခဏရပ်သွားသေးတယ်နော်........နောက်ဘယ်လို ဆက်ရိုက်ဖြစ်တာလဲ

Ans:

Bio Soft Shampoo ရိုက်ပြီးတော့ အဖေနဲ့အမေက ဒီလောကနဲ့ စိမ်းနေတယ်ဆိုတော့ ပေးမလုပ်ဘူးပေါ့...... စာပဲဆက်ပြီး ဖတ်စေချင်တယ်။ ၁ နှစ်လောက် ပေးမလုပ်ဘူး........ နောက်ပိုင်းကျတော့မှပဲ သူတို့ရဲ့ အပေါင်းအသင်းတွေကလည်း နန်းဆုကို ပေးလုပ်လိုက်ပါ... ပြီးတာ့ နန်းဆုတို့ ကိုးကွယ်တဲ့ ဘုန်းဘုန်း ရှိတယ်လေ....အဲဒီဘုန်းဘုန်းကလည်း နန်းဆု အနုပညာရှင် ဖြစ်ကိုဖြစ်မှာ ...... ဒါသူ့ကံနဲ့သူ ပါလာပြီးသားပေါ့။ ဒါကိုတားဆီး ပိတ်ပင်လို့မရဘူး။ သူ့ Luck ကို သွားပိတ်ရင်နင်တို့ Luck တွေပါ ပိတ်တတ်တယ် ဆိုပြီး ပြောတဲ့အခါကျမှ အဖေ အမေက ပေးလုပ်ခွင့်ပြုလိုက်တာ။ အဲဒီနောက်ပိုင်းမှ Media တွေကလည်း Interview တွေ ဘာတွေလာတော့ နောက်ပိုင်းမှာ အနုပညာ အလုပ်တွေကို ပြန်လုပ်ဖြစ်တာပါ။

Q:

နန်းဆုရဲ့ Media တွေအပေါ် အမြင်လေး ပြောပြပါဦး.........

Ans:

Media တွေအပေါ် နန်းဆုမြင်တာကတော့ အနုပညာရှင်နဲ့ ပရိသတ်ကြားမှာ ပေါင်းကူးပေးတဲ့ တံတားတစ်ခုလို့ မြင်ပါတယ်။ အနုပညာရှင်တွေရဲ့ အကြောင်းတွေကို ပရိသတ် သိချင်တာတွေကိုလည်း ဖော်ပြပေးတယ်။ ပြီးတော့ နန်းဆုတို့ရဲ့ ကြိုးစားမှုတွေကို သတင်းတွေကိုလည်း ဖော်ပြပေးတဲ့အတွက် နန်းဆုတို့အတွက် မရှိမဖြစ်ပါပဲ။

Q:

နန်းဆု ပထမဆုံးရိုက်ခဲ့တဲ့ ရှုတင် အမှတ်တရလေးကို ပြောပါဦး...

Ans:

ရှုတင်အမှတ်တရက Bio Soft Shampoo ရိုက်ကွင်း ပေါ့နော်။ အဲဒီ ရိုက်ကွင်းမှာ စစချင်းတစ်မျိုးတော့ ဖြစ်နေတာပေါ့။ ကင်မရာရှေ့ ရောက်တော့မယ် ဆိုတော့လေ။ ငယ်ငယ်တုန်းက ကျောင်းပွဲတိုင်းမှာ လည်း အကရောအဆိုရော ပါဝင်ခွင့်ရခဲ့တယ်။ ကျောင်းမှာလည်း ကျောင်းကောင်စီ အတွင်းရေးမှူး ဖြစ်ခဲ့ဘူးတော့ အကုန်လုံးနဲ့ ဆက်ဆံရတယ်။ ပြီးတော့ ပွဲလမ်းသဘင်တွေမှာ အခမ်းအနားမှူးလုပ်တာ တွေလည်း လုပ်ရတယ်ဆိုတော့ လူတွေအများကြီးရှေ့မှာ သရုပ်ဆောင်ခဲ့ရတာ၊ ဆိုခဲ့ရတာ အဲဒီ Experience တွေက ရှိနေတဲ့အတွက် စစခြင်းမှာ အရမ်းကြီးရှက်ပြီး မလုပ်ရဲတာတို့ ကင်မရာကို ကြောက်တာတို့ အဲဒီလောက်တော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ရှိုးတိုးရှိန်းတိန်းလေးတော့ ဖြစ်နေတာပေါ့။ အဲလို ခံစားချက်လေးတော့ ရှိတယ်။ ဒါပေမယ့် ကင်မရာ ရှေ့လဲရောက်သွားရော နဂိုကလုပ်ခဲ့တဲ့ အတွေ့အကြုံ တွေကြောင့်လားမသိဘူး......... သူ့ဟာသူ လုပ်နိုင်သွားတယ်။ ငယ်ငယ်တုန်းကတည်းက အကျင့်ရှိတာ ဘာလဲဆိုတော့ သီချင်းသံ ကြားလိုက်တာနဲ့ သီချင်းထဲက Mood အတိုင်းပဲ လိုက်ဆိုနေတယ်...... လိုက်ကနေတယ်။ အဲလိုမျိုး သူ့ဟာသူ လှုပ်ရှားမှုက သီချင်းနဲ့ သရုပ်ဆောင်ရတာမျိုး၊ စကားပြောပြီး သရုပ်ဆောင်ရတာမျိုး တွေကျတော့ နန်းဆုအတွက် အဆင်ပြေတယ်။ အရမ်းခက်ခက် ခဲခဲကြီးမရှိဘူး။ ဒါရိုက်တာကလည်း ဦးဇာဂနာဆိုတော့ သူကရယ်စရာတွေ ပြောပြောပြီး ခိုင်းတယ်ဆိုတော့ သိပ်ပြီး စိတ်ကတင်းကြပ်မှု မရှိတော့ဘူး။ လွတ်လပ်ပြီးတော့ ကိုယ့်ရဲ့ Style အတိုင်း လုပ်နိုင် သွားတယ်ပေါ့..... အဲ ဒီအတွက် ပထမဦးဆုံး ရိုက်ကွင်းကတော့ သိပ်အခက်အခဲ မရှိလိုက်ဘူး။

Q:

Video ဘက်ကို ရောက်လာတဲ့အခါ သရုပ်ဆောင်ပိုင်းကို အားထည့်ရတဲ့အတွက် စိတ်လှုပ်ရှားတာတွေရှိလား.......

Ans:

Video ပိုင်း သရုပ်ဆောင်တဲ့ အခါလား အေးပေါ့ သူကကျတော့ Action ပိုင်းရော ဘာရော အားလုံးပါသွားပြီလေ။ အဲဒါမျိုး စိတ်လှုပ်ရှားမှု ရှိလားဆိုတော့ သူကကြော်ငြာနဲ့ ဘာကွာလဲဆိုတော့ Dialouge တွေပါလာမယ်။ ပြီးရင် မျက်နှာခံစားမှု ရုပ်အပြောင်းအလဲပေါ့။ အဲဒါတွေ ပါလာမယ်။ Character တစ်ခုထဲကို ၀င် အောင် သူ့ရဲ့ အ၀တ်အစား Design တွေပါလာမယ် ဆိုတော့ သူကနည်းနည်းတော့ တာဝန်ကြီးသွားတာပေါ့နော်။ အလုပ်လည်း များသွားတယ်။ ဒါပေမယ့် နန်းဆုအတွက်ကတော့ ဒါရိုက်တာခိုင်းတဲ့ အတိုင်းပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့လုပ်တယ်။ အဲဒီအတွက်တော့ အရမ်းကြီး ခက်ခက်ခဲခဲ ဖြစ်တာမျိုးကြီးမရှိခဲ့ဘူး။ အကောင်းဆုံးတော့ သရုပ်ဆောင်နိုင်ခဲ့တယ်။ ကိုယ့်ဘက်ကနေပြီး တော့ပေါ့နော်။

Q:

သရုပ်ဆောင်ပိုင်းကနေ အဆိုပိုင်းကို ဘယ်လိုရောက်ဖြစ်သွားတာလဲ အစ်မကို အဲဒါလေးပြောပြပါဦး......

Ans:

ဘယ်လိုလဲဆိုတော့ နဂိုကတည်းကသီချင်းဆိုတောကို ၀ါသနာပါနေတာပေါ့။ အဲလို အချိန်မှာ အခွင့်အရေး တိုက်ဆိုင်မှု တစ်ခုကြောင့် နန်းဆု သီချင်းဆိုဖြစ်တယ်။ ကိုဘာဘူတို့ ကိုဘိုစန်းတို့နဲ့ ရင်းနှီးခွင့် ရတဲ့အတွက် ကိုဘာဘူနဲ့စပြီး ခင်တော့ သူ့ဆီက သီချင်းတွေယူတယ်။ အဲဒီထဲမှာ "မေမေဆူလိမ့်မယ်" သီချင်းကို ကြိုက်တဲ့အတွက် ဆိုဖြစ်တယ်။ ကိုဘိုစန်းကလည်း နန်းဆုကို စင်ပေါ်မှာဆိုဖို့ ကမ်းလှမ်းတဲ့အတွက် "မေမေဆူလိမ့်မယ်" သီချင်းကို စင်ပေါ်မှာ ဆိုဖြစ်သွားတယ်။ အဲဒီကနေ စပြီးတော့ ဂီတလောကထဲ စရောက်လာခဲ့တယ်ပေါ့။

Q:

အဲဒီသီချင်းလေးက ပရိသတ်တွေကြားထဲမှာ တော်တော် ပေါက်တယ်နော်။ ကိုယ်ဆိုနေတဲ့အခါ အောက်က ပရိသတ်တွေ လိုက်ဆိုကြတဲ့ အချိန်မှာ နန်းဆု ဘယ်လိုခံစားရလဲ.........

Ans:

အရမ်းဝမ်းသာပီတိ ဖြစ်မိတယ်။ နန်းဆုက ဥပမာ- ပရိသတ်က အောက်ကနေပြီး နာမည်ကို အော်ခေါ်ပြီး တောင်းဆိုတာတို့ နန်းဆုသီချင်းကို လိုက်ဆိုတာတို့ဆို အရမ်းဝမ်းသာပီတိ ဖြစ်မိတယ်။ နန်းဆု ကြိုးစားရကြိုးလည်း နပ်တယ်လေ။ ပြီးတော့ နန်းဆု ဒီသီချင်းကိုလည်း အရမ်းကြိုက်တယ်။ ပရိသတ်တွေနဲ့လည်း အကြိုက်ချင်း ထပ်တူညီတဲ့အတွက် နန်းဆု အရမ်းဝမ်းသာပါတယ်။

Q:

နန်းဆုကို မဂ္ဂဇင်းတွေမှာလည်း Cover အနေနဲ့ တော်တော်များများ တွေ့ရတယ်နော်......အဲလိုကမ်းလှမ်းမှု တွေမှာရော ကျောင်းချိန်တွေ၊ အနုပညာလုပ်ငန်း တွေလုပ်တဲ့အချိန်တွေနဲ့ သီချင်းဆိုတဲ့ အချိန်တွေကို ဘယ်လို ကန့်သတ်ထားလဲ။

Ans:

အဲဒါကျတော့ အချိန်ကိုမျှပြီး လုပ်ရတာပေါ့နော်..နန်းဆုကအလုပ်တွေအများကြီးလုပ်တယ်။ ဥပမာဆိုရင် သရုပ်ဆောင်လည်း လုပ်တယ်။ အဆိုလည်း လုပ်တယ်။ ပညာရေးလည်း ရှိတယ်ပေါ့ ။ ဒါပေမယ့် အဓိကကတော့ ပညာရေးပေါ့၊ ပညာရေးကို ဦးစားပေးပြီးတော့ လုပ်တယ်။ သရုပ်ဆောင်လည်း လုပ်တယ်။ ပရိသတ်က သရုပ်ဆောင်ဘက်မှာ အရမ်းအားပေးလာတော့ သရုပ်ဆောင်ကိုလည်း လုပ်ရတာပေါ့။ ပရိသတ်တွေက များများရိုက်ပါ... များများရိုက်ပါ ဆိုတာနဲ့ သရုပ်ဆောင် ဘက်မှာ ပိုအားထည့်ပြီး လုပ်ရတယ်။ အဲဒီအတွက် သရုပ်ဆောင်ဘက်မှာ အချိန်သိပ်မပေးနိုင်ခဲ့ဘူး ပေါ့နော်... သရုပ်ဆောင်မှာ ပိုတဲ့အချိန်လေးကို ဖဲ့ပြီးတော့ အဆိုဘက်ကို ပေးရတာပေါ့နော်......အဲဒီတော့ နန်းဆုမှာ အရင်ကထက်စာရင် အရမ်းပင်ပန်းသွားတယ်။ ဒါပေမယ့် ပရိသတ်အတွက်ဆိုပြီး နန်းဆု ကြိုးစားပြီးတော့ လုပ်တယ်။ တစ်ခါတစ်လေကျတော့လည်း အခွင့်အရေး ကောင်းလေးတွေ ရှိရင်လည်း နည်းနည်းလက်လွှတ် ရတာလေးတွေရှိတယ်။ အချိန်မပေးနိုင်တဲ့ အတွက်ပေါ့။ ပြီးတော့လည်း ကားရိုက်တွေကို စီစစ်ပြီး ရိုက်ရတာတွေ ရှိတယ်။ ကားရိုက်တွေမှာလည်း နန်းဆု Character တစ်ခုခုရရဲ့လား......... အဲဒီထဲမှာ ပရိသတ်အတွက် တစ်ခုခုကျန်သွားရဲ့လား.......... အဲဒီလိုမျိုးပဲရွေးပြီးရိုက် တော့တယ်။ အချိန်လဲ မပေးနိုင်တာကြောင့် ပေါ့နော်...Quality ကိုပဲ အဓိကထားတော့တယ်။ Quantity ကို အဓိကမထားတော့ဘူး။ ဘာလို့လဲဆိုတော့ အရေအတွက်များပြီး Quality မကျန်တာမျိုးလည်း မရိုက်ချင်ဘူးလေ။ အချိန်ကလည်း တကယ်မရဘူးဆိုတော့ Quality ရှိမယ့် ကားလေးတွေကိုပဲ ရွေးရိုက်ဖြစ်တယ်။ နန်းဆု အတွက် Character ၁ ခုရှိမယ်။ နေရာ ၁ ခု ကျန်ခဲ့မယ်ဆိုတဲ့ ကားမျိုးတွေပဲ ရွေးရိုက်ဖြစ်နေတယ်။

Q:

အခုနန်းဆုရဲ့ ပညာရေးကရော..........

Ans:

ပညာရေးက PHARMACY . University of Pharmacy မှာ တက်နေတာ.. တတိယနှစ် ရောက်ပြီပေါ့။

Q:

နန်းဆုရဲ့ အခုလက်ရှိအနေအထားကိုရော ကျေနပ်မှုရှိလား..........

Ans:

ကျေနပ်မှု ရှိလားဆိုတော့ နန်းဆုက အခုလို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအခြေအနေ ရောက်လာတယ်ဆိုတော့ ကိုယ်ဟာကိုယ် ကျေနပ်မှုကတော့ရှိပါတယ်။ ပရိသတ် အားပေးမှုကလည်း အားရစရာ ကောင်းတယ်.... ပင်ပန်းရကြိုးလည်း နပ်တယ်။ နန်းဆုလည်း ဒီအခြေအနေ ရောက်အောင်လည်း အရမ်းကြိုးစား ထားရတာလေ။ အဲဒီအတွက်လည်း ကျေနပ်မှုရှိတယ်။ ဒါပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ ကြိုးစားဖို့က အများကြီးလိုသေးတယ်။

Q:

နန်းဆု ပရိသတ်ကလေးတွေက ကလေးတွေများတယ်။ အဲဒီအပေါ်မှာရော နန်းဆု ဘယ်လိုမြင်လဲ။ ကလေးတွေက ချစ်ကြတယ်ပေါ့...

Ans:

ကလေးတွေက ချစ်ကြတယ်ဆိုတာ နန်းဆု သရုပ်ဆောင်တဲ့ Action တွေထဲမှာ သူတို့အကြိုက်လေးတွေ ပါလို့လဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မေမေဆူလိမ့်မယ် သီချင်းကြောင့်လည်း ပါတယ်။

Q:

အခုရော အနုပညာအလုပ် အနေနဲ့ ဘာတွေလုပ်နေလဲ.............

Ans:

အခုကကျတော့ နန်းဆု "လွန့် လွန် လွန်း" ဆိုတဲ့ ကားရိုက်တယ်။ ပြီးတော့ မိုးမမြင် လေမမြင် စီးရီးအတွက်ကို ရတဲ့အချိန်လေးမှာ ညဘက်တွေ Studio Date တွေယူပြီးတော့ သီချင်းသွင်းဖြစ်နေတယ် ပေါ့..........

Q:

နန်းဆု အခုလောလောဆယ်မှာ သရုပ်ဆောင်ချင်တဲ့ Character မျိုးရောရှိလား။

Ans:

ရှိတယ်.. ဘယ်လိုကားမျိုးလဲ ဆိုတော့ နန်းဆုက Character ၂ မျိုးကို ဇာတ်တစ်ခုတည်းမှာ သရုပ်ဆောင်ချင်တာပေါ့နော်။ ဥပမာ Character တစ်ခုကကျတော့ အရမ်းကို သွက်လက်တက်ကြွပြီးတော့ အပူအပင်မရှိတဲ့ Character တစ်ခု အမြဲတမ်း ပျော်ရွှင်နေရတယ် ပေါ့နော်......... နောက် Character တစ်ခုကကျတော့ အရမ်းကို ၀မ်းနည်းပြီး စိတ်ညစ်နေရတယ်။ အတိုက်အခိုက် အနှောက်အယှက် မျိုးစုံနဲ့ကြုံနေရတယ်။ အဲဒီလိုမျိုး Character ၂ ခုပြိုင်ပြီးတော့ ကွဲကွဲပြားပြား သရုပ်ဆောင်ချင်တယ်။ အဲလို ၂ ကိုယ်ခွဲ သရုပ်ဆောင်မှုမျိုးကို လိုချင်တယ်ပေါ့နော်။

Q:

Model လျှောက်ရတဲ့ ခံစားမှုကရော.......ညီမဆိုရင် Show ပွဲတွေမှာ လဲကမ်းလှမ်းတဲ့အခါ လျှောက်ပေးရတာမျိုးတွေ ရှိတယ်လေ။ မတို့တွေ့ရသလောက်ပေါ့ ..အဲဒီလို လျှောက်ရတဲ့အခါ Model လျှောက်ရတဲ့ ခံစားမှုနဲ့ သရုပ်ဆောင်လုပ်ရတဲ့ ခံစားမှုဘယ်လိုကွာလဲ။ Model လျှောက်ရတဲ့ ရင်ခုန်သံပေါ့။

Ans:

Model လျှောက်ရတဲ့ ရင်ခုန်သံကတော့ ဒီလိုပါပဲ။ Free ဖြစ်ပါတယ်.. အင်္ကျီအ၀တ်အစား လှလှလေးတွေနဲ့ စင်ပေါ်မှာတက်ပြီး လျှောက်ပြရတာဆိုတော့လေ Free လည်းဖြစ်တယ်။ သီချင်းနဲ့ Beat ညီအောင် လျှောက်ပြရတယ်။ ပရိသတ် အားပေးမှုကိုလည်း Beat ညီအောင်လျှောက်ပြရတယ်။ နောက်ပြီးတော့ ဒီလိုမျိုး Style နဲ့လျှောက်ရတာကို သဘောကျတယ်။ နှစ်သက်တယ်။

Q:

နန်းဆုက အနုပညာပိုင်းတွေ လုပ်နေပေမဲ့ စီးပွားရေးဘက်မှာလည်း နန်းဆုမိဘတွေက ကုမ္ပဏီ တစ်ခုအနေနဲ့ လုပ်ထားတယ်ဆိုတော့ စီးပွားရေးပိုင်းကိုရော စိတ်ဝင်စားလား။

Ans:

ဟုတ်.စိတ်ဝင်စားတယ်။ ငယ်ငယ်တုန်းကတော့ အဖေအမေ အသိုင်းအ၀ိုင်းကို ကြည့်ပြီးတော့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်ခဲ့တာပဲလေ........ အဲဒီအတွက် စီးပွားရေးကိုလည်း အရမ်းစိတ် ၀င်စားခဲ့တယ်။ အခုအဖေ အမေကလည်း နန်းဆုနောက်ပိုင်း အသက်ကြီးသွားရင် ဒီစီးပွားရေးနဲ့ပဲ ဘ၀ကိုရပ်တည်ရမှာလေ။ အဲဒါကြောင့်မို့ သူတို့က နန်းဆုကို အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး နည်းနည်း Training လုပ်ပေးထားတာတွေ ရှိပါတယ်။ အဲဒီအတွက် နန်းဆုလည်း ဒီစီးပွားရေးဘက်မှာ အလျင်းသင့်ရင် သင့်သလို လေ့လာ လိုက်စားတယ်ပေါ့.. ပြီးရင် ကိုယ်တိုင် လုပ်ကြည့်တယ်။ အဲဒါမျိုးလေး တွေတော့ ရှိပါတယ်။

Q:

ဒါဆိုနန်းဆု အသက်ကြီးသွားတဲ့ အချိန်မှာ စီးပွားရေးနဲ့ပဲ ရပ်တည် သွားချင်တာလား။

Ans:

အခုလောလောဆယ်ကတော့ နန်းဆုအတွက်က အနုပညာအား ကောင်းနေတယ်ပေါ့နော်... အနုပညာကိုပဲ ဆက်လုပ်မယ်။ ဆက်ပြီးဖန်တီးမယ်.ဒါပေမယ့် အနုပညာဆိုတာ ကံရှိတုန်း စန်းရှိတုန်း အခွင့်အရေးရှိတဲ့ အချိန်မှာ လုပ်ရတာကို........... အဲလို အချိန်မှာတော့ ကိုယ့်ဘက်က အကောင်းဆုံး ဖန်တီးပြီး သရုပ်ဆောင်သွားမှာပဲလေ။

Q:

နန်းဆု တစ်ကိုယ်တော် စီးရီးလုပ်နေတယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘယ်လိုအားထည့်ထားလဲ။

Ans:

တစ်ကိုယ်တော် စီးရီးလုပ်နေတဲ့ အပေါ်မှာကျတော့ နန်းဆုကအခွေ Title ကိုတော့ "မိုးမမြင် လေမမြင်" လို့ပေးထားတယ်။ နန်းဆုရဲ့ အခွေက ဘယ်လိုလဲဆိုတော့ Music တစ်ခုတည်းမှာ အခြေခံထား တာမျိုးမဟုတ်ပဲနဲ့ ဟိုးကလေးလေးကနေ လူကြီးအထိပေါ့.......အားလုံး နားထောင်လို့ရမယ့် ပုံစံမျိုး၊ နားဝင်လွယ်မဲ့ Music ပုံစံမျိုးတွေကို ထည့်ထားတယ်ပေါ့။ ပြီးတော့ သီချင်း အပုဒ်တိုင်းကိုလည်း ကောင်းအောင်လို့ သေချာ စီစဉ်ထားတယ်။ တီးလုံးကအစ ဆိုတာကအစ အကုန်လုံး Perfect ဖြစ်အောင်တော့ ကိုယ့်ဘက်က အကောင်းဆုံး ကြိုစားထားတယ်။ စေတနာထည့်ပြီး ကြိုးစားတယ်။ အဲဒီ ထဲမှာမှ ပရိသတ်က ဒီအခွေတစ်ခုကို တန်ဖိုးတစ်ခုပေးပြီး ၀ယ်ရတာလေ။ အဲဒီ တန်ဖိုးနဲ့အတူ သူတို့ရဲ့ ကျေနပ်မှု အားရမှုကိုလည်း ရစေချင်တယ်။ နန်းဆုက လုံးဝ စေတနာထည့်ပြီး အကောင်းဆုံး ဖြစ်အောင် စီစဉ်တယ် ။ အဲဒီအတွက် နည်းနည်းပါးပါးတော့ အချိန်ကြန့်ကြာမှုရှိတယ်. ဥပမာ တီးလုံးတွေဘာတွေဆို မကြိုက်တာရှိရင် ပြန်တီးခိုင်းတာတို့ အဲလိုမျိုး အကောင်းဆုံး ဖြစ်အောင် လုပ်နေ ရတဲ့ အနေအထားမှာရှိတော့ နည်းနည်းတော့ ကြန့်ကြာမှုရှိတယ်. အဲဒီအတွက် ပရိသတ်တွေစောင့်ပြီး အားပေးတဲ့အတွက် အရမ်းလည်းဝမ်းသာတယ်.......အခုဆိုရင် ဘယ်တော့ထွက်မှာလဲ ဘယ်တော့ ထွက်မှာလည်း ခဏခဏ မေးနေတဲ့အတွက် နန်းဆုလည်း အမြန်ဆုံး ထွက်ချင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် လုပ်နေတာရယ်.........တခြားအလုပ်တွေ လုပ်နေရတဲ့အတွက် အချိန် ပေး နိုင်မှု မပေးနိုင်မှုပေါ်မူတည်ပြီး နည်းနည်းတော့ ကြာတာပေါ့နော်။ ကိုဘာဘူကလည်း တခြားအလုပ် ရှိတယ်ဆိုတော့ အုပ်စုနဲ့ လုပ်ရတဲ့အခါကျတော့ နည်းနည်းလေးတော့ အချိန်က နည်းတယ်ပေါ့နော်။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် အမြန်ဆုံးဖြစ်အောင် ပရိသတ်တွေအတွက် ကြိုးစားပေးနေပါတယ်လို့.........

Q:

ဒီအခွေထဲမှာ သီချင်းတွေက ဘယ်သူ ရေးထားတာတွေပါလဲ.........

Ans:

သီချင်းတွေကကျတော့ ကိုဘာဘူရယ်၊ ကိုသားစိုးရယ်၊ ကိုမိုးမိုးရယ်၊ ကိုနိုရယ်ရယ်၊ ဘုံဗုံရယ်၊ သြရသရယ်၊ ကျော်ထွဋ်ဆွေရယ် ပြီးတော့ နန်းဆုကိုယ်တိုင် ရေးထားတယ်......ဆိုထားတာက နန်းဆု ကိုယ်တိုင်လည်း ဆိုထားတယ်။ ပြီးတော့ Spider အဖွဲ့လေ။ အဲဒါက နန်းဆုကိုယ်တိုင် ဖွဲ့ထားတာ... ညိုလင်းထက်ရယ်၊ အောင်ရဲလင်းရယ်ပါတယ်...... သူတို့နဲ့လည်း ၄၊ ၅ ပုဒ်ဆိုထားတယ်။ ကျန်တဲ့ဟာတွေက နန်းဆုတစ်ယောက်တည်း ဆိုထားတာ။ Featuring တွေကတော့ ဘာဘူပါမယ်......... ရဲလေးပါမယ်....... ညီသစ်ထူးပါမယ်......... ကျော်ထွဋ်ဆွေပါမယ်။

Q:

သီချင်းရေးတဲ့အခါမှာရော ဘယ်လို Instrumental တွေနဲ့ရေးလဲ...... Computer နဲ့ပဲရေးတာလား။

Ans:

နန်းဆုရေးတဲ့သီချင်းက တစ်ပုဒ်ပဲပါတာ။ အဲဒီ တစ်ပုဒ်ကိုကျတော့ ကိုယ်ခံစားချက်နဲ့ ကိုယ်ပေါ့နော်။ Instrumental တွေကတော့ သိပ်မတီးတတ်ပါဘူး။ ဒါပေမယ့် နည်းနည်းပါးပါး နားလည်တယ်။ သံစဉ်တစ်ခုရှာပြီးပဲ ကိုယ့်ဟာကိုယ် ရေးဖြစ်သွားတယ်။

Q:

နန်းဆု Favourite ဖြစ်တဲ့ Instrument ရှိလား။

Ans:

Favourite ဖြစ်တာကတော့ Guitar ကိုကြိုက်တယ်။ ဂီတာကလည်း အခုလက်ရှိ သင်နေဆဲပေါ့နော်။ ဒါပေမယ့် အရမ်းကြီးတော့ မကျွမ်းပါဘူး။

Q:

အဲဒါကျတော့ ဘယ်သူတွေနဲ့သင်လဲ

Ans:

ဘယ်သူတွေနဲ့ သင်လဲဆိုတော့ ဂီတမိတ်က ဆရာတွေနဲ့ အိမ်မှာသင်တာပေါ့နော်။ ဘာလို့လဲဆို နန်းဆုတို့ အနုပညာရှင်တွေကျတော့ အလုပ်လည်းလုပ်တယ်။ အနုပညာလည်း လုပ်တယ်ဆိုတော့ ကိုယ်ပိုင်ချိန်က နည်းတယ်လေ။ လေ့လာသင်ယူမှု အပိုင်းတွေကျတော့ နန်းဆုရဲ့ ဆရာတွေနဲ့ ညှိပြီး အချိန်တစ်ခုကို ယူပြီးသင်ရတာပေါ့နော်။ regular ပုံမှန်သင်တန်းတက်ခွင့် မရှိတော့ဘူးပေါ့နော်

Q:

အဲဒီအပေါ်မှာရော စိတ်ရှုပ်တာမျိုးရှိလား။ စိတ်ဖိစီးမှုတွေများတဲ့အခါမှာလေ.........

Ans:

တစ်ခါတစ်လေတော့ ရှိတာပေါ့။ တစ်ခါတစ်လေ အရမ်းအလုပ်များတဲ့နေ့မျိုး မနက် ၆ နာရီကနေ ည ၁၂ နာရီအထိ Run ရတဲ့နေ့မျိုးတွေ တစ်ခါတစ်လေမှာ မအိပ်ရတဲ့ နေ့မျိုးတွေတောင်ရှိတယ်။ ညဘက် prepare လုပ်ရတာပေါ့။ မနက်ဖြန် ရိုက်ဖို့အတွက် အင်္ကျီထည့်ရတာတို့ ဇာတ်ညွှန်း ဖတ်ရတာတို့ အဲလိုမျိုး မအိပ်ရတဲ့နေ့တွေ ဆက်တာတွေရှိတယ်။ တစ်ခါတစ်လေ စာမေးပွဲနဲ့ တိုက်တဲ့အခါကျရင် စာတွေတညလုံး ထိုင်ကျက်ရတာမျိုး ဆိုရင် အဲဒီအခါကျ Stress တွေလည်း ပူပန်မှုတွေလည်း ဖြစ်တာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီအခါကျရင် နန်းဆုက ဆေးပဲမှီဝဲတာ များပါတယ်။ အားဆေးတို့ ဒါမှမဟုတ် sun life လို ဟာမျိုးတွေ .......... အဲလို Fresh ဖြစ်မဲ့ဟာမျိုးတွေသုံးတယ်။ တစ်ခါတစ်လေ ကျရင်တော့ တစ်ရက်နှစ်ရက်တော့ ပြန်နားတာပဲ။ တောက်လျှောက်ကြီးတော့ Run တော့ Run နေတာပဲ။ အနားယူတဲ့အချိန် တစ်ခုတော့ ယူရတယ်.. ဒါပေမယ့် တစ်ခု အကျင့်ရှိတာ နန်းဆုက မိတ်ကပ်ပြင်နေရင်းနဲ့လည်း အိပ်လို့ရတယ်. ထိုင်နေရင်းနဲ့လည်း အိပ်လို့ရတယ်။ နားတာပေါ့နော်......... နန်းဆု က အနားယူဖို့ အချိန်ကို သီးသန့်ပေးစရာမလိုပဲ ကိုယ်လုပ်နေကျ အလုပ်တွေထဲမှာ ထည့်ပြီး အနားယူလို့ရတယ်။

Q:

အလုပ်ကိုတန်ဖိုးထားမှုနဲ့ အောင်မြင်မှုကရော ဆက်စပ်နေတယ်လို့ ထင်လား။

Ans:

အလုပ်အပေါ်မှာ တန်ဖိုးထားမှုပေါ့နော်။ ပြီးတော့ စိတ်ဝင်စားမှု အပြည့်ရှိတယ်ဆိုရင် ဒါအောင်မြင်မှုရဲ့ လမ်းစလို့ နန်းဆုမြင်ပါတယ်။

Q:

သရုပ်ဆောင်ပိုင်းမှာ အောင်မြင်တဲ့ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမယ်လို့ထင်လဲ........

Ans:

နန်းဆုအထင်နဲ့ ပြောရမယ်ဆိုရင်တော့ ကြိုးစားမှုပေါ့နော်....... ကြိုးစားမှုကတော့ အဓိကပါပဲ..... ကိုယ်က ကြိုးစားနေတဲ့အချိန်မှာ ကံလည်းလိုအပ်တယ်။ ကံဆိုတာ အခွင့်အရေးပဲလေ။ အခွင့်အရေး ရှိလာတာနဲ့ တိုက်ဆိုင်လာလို့ရှိရင် အောင်မြင်မှုတစ်ခုခုတော့ အထိုက်အလျောက်ရမှာပဲ။ ကိုယ်ကတော့ အမြဲတမ်း ကြိုးစားနေရမယ်....ကံရယ် စန်းရယ်နဲ့ကြုံလာမယ် အခွင့်အရေး တိုက်ဆိုင်မှုတွေ နဲ့ ကြုံလာမယ်ဆိုရင်တော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်ပေါ့နော်... ပြီးတော့ အဓိကလိုအပ်တဲ့ ဟာလေးတွေကကျတော့ စေတနာ၊ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ အကောင်းဆုံး ကိုယ့်အရည်အချင်းကို ပြနိုင်ရမယ်. စေတနာ အပြည့်ထည့်ပေးရမယ်။ စေတနာထားပြီး လုပ်ရမယ်။ ပြီးတော့ သည်းညည်းခံစိတ်ပြီးတော့ နာခံစိတ် အဲဒါတွေလည်း လိုအပ်ပါသေးတယ်။ အနုပညာရှင်ဆိုတာ ကိုယ်တိုင်ဖန်တီး တီထွင်နိုင်မှု ဆိုတာလည်း လိုအပ်တယ် လို့ထင်ပါတယ်။

Q:

နန်းဆု ရဲ့ ပရိသတ်တွေအတွက် နန်းဆုပြောချင်တဲ့စကားလက်ဆောင်လေးပေါ့

Ans:

နန်းဆုကို ခုလိုအားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်ပေါ့။ ပရိသတ်က အဲလိုအားပေးတဲ့အတွက် နန်းဆုအားတွေ အရမ်းဖြစ်တယ်။ အဲဒီအတွက် အပင်ပန်းခံပြီးတော့ ကြိုးစားပေးတယ်။ ထွက် လာသမျှ အနုပညာတွေပေါ့။ နန်းဆုလုပ်ထားတဲ့ အနုပညာတွေ ပေါ့။ နန်းဆုလုပ်ထားတဲ့ အနုပညာတွေကိုလည်း ဆက်လက်အားပေးပါ။ ဒီထက်မကလည်း ကြိုးစားပါဦးမယ်ပေါ့။ နန်းဆုရဲ့ "မိုးမမြင် လေမမြင်" စီးရီးထွက်လာလို့ရှိရင်လည်း Original အခွေကို အားပေး ပါလို့......... ပရိသတ်ကြီးအတွက် နန်းဆုအကောင်းဆုံး လုပ်ထားပါတယ်လို့.......နန်းဆုရဲ့ ပရိသတ်တွေ ကျန်းမာပါစေ ချမ်းသာပါစေလို့.................။

.

No comments: